Monday, May 20, 2013

ကြံ့ခိုင်ရေး အမာခံနယ်မြေတွင် ရတပ ပါတီ ဗဟိုကော်မီတီ မျက်နာ စုံညီ အစည်းအဝေး ပြုလုပ်မည်

နိရဉ္စရာ

ကြံ့ခိုင်ရေး ပါတီ၏ အမာခံ နယ်မြေ တစ်ခု ဖြစ်သော ရခိုင်ပြည်နယ် အမ်းမြို့တွင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ) ၏ ဗဟိုကော်မီတီ မျက်နာစုံညီ အစည်းအဝေးကို ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ ဗဟိုကော်မီတီ မျက်နာစုံညီ အစည်းအဝေးကို မူလက ကျောက်ဖြူမြို့တွင် ကျင်းပရန် စီစဉ်ထားရာမှ ယခုအခါ အမ်းမြို့သို့ ပြောင်းရွှေ့ ကျင်းပတော့မည် ဖြစ်ကြောင်း ပါတီ ပြောခွင့်ရသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ ကျနော်တို့ အစည်းအဝေးက ဒီလ ၂၇ ရက်နေ့မှာ အမ်းမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ ကျောက်ဖြူမြို့မှာ ကျင်းပမလို့ပါဘဲ။ ကျောက်ဖြူက စည်းရုံးပြီးသား နယ်မြေဆိုတော့ တစ်ခြား ထိုးဖေါက် စည်းရုံးဖို့ လိုနေတဲ့ နေရာတွေ လုပ်ရင် ပိုကောင်းမယ်လို့ ယူဆတဲ့ အတွက် အမ်းမြို့မှာ ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပဖို့ ရွှေးချယ်လိုက်တာ ဖြစ်ပါတယ်။”


၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီသည် ရခိုင်ပြည်နယ် အနှံ့အပြားတွင် အနိုင်ရရှိခဲ့သော်လည်း အမ်းမြို့နယ်တွင် လွှတ်တော် နေရာ အားလုံး၌ ကြံ့ခိုင်ရေး ပါတီအား ရှုံးနိမ့်ခဲ့သည်။

အမ်းမြို့မှာ ယခုအခါ တပ်မြို့ တစ်ခု ဖြစ်နေပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း စစ်တွေမြို့မှ ပြောင်းရွှေ့ပြီး အခြေစိုက်ထားသည်။ သို့အတွက် အမ်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ၏ ရခိုင်ပြည်နယ်မှ အဓိက နိုင်ငံရေး ခံကတုတ် တစ်ခု ဖြစ်သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အနေဖြင့် တစ်ခြားမြို့များတွင် ဗဟိုကော်မီတီ မျက်နာစုံညီ အစည်းအဝေးကို မပြုလုပ်ဘဲ အမ်းမြို့ကို ရွှေးချယ် ပြုလုပ်ခြင်းသည် လာမည့် ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ အတွက် အမ်းမြို့နယ် လူထုကို ကြိုတင် စည်းရုံးလိုပုံရသည်ဟုလည်း ရခိုင်နိုင်ငံရေး လေ့လာ အကဲခတ်သူများက ပြောသည်။

ရတပပါတီ၏ ဗဟိုကော်မီတီ မျက်နာစုံညီ အစည်းအဝေးကို မေလ ၂၇ ရက်မှ ၂၉ ရက်နေ့ထိ သုံးရက်တိုင်တိုင် အမ်းမြို့တွင် ကျင်းပသွားမည် ဖြစ်သည်။

No comments: