Friday, May 24, 2013

နွားနင်းမိသော မိုင်းကြောင့် မန်ကွန်တိုက် ရွာသားများ ထွက်ပြေးရ

ကော့လီ

RCSS/SSA နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မာ့တာ ကနေ မန်ကွန်တိုက် ကိုသွားတဲ့ လမ်းဘေးက စိုက်ပျိုးရေးခြံ တစ်ခြံထဲမှာ မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှာ နွားတစ်ကောင်က နင်းမိတဲ့ မိုင်းတစ်လုံးပေါက်ကွဲခဲ့တာကြောင့် ကျေးရွာလူထု အထိတ်တလန့်ဖြစ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

အဲဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ထော်လာရဂျီ တစ်စီးက အဲဒီလမ်းကို ဝင်အလာမှာ လမ်းဘေးက နွားတစ်ကောင်က ထော်လာဂျီ အသံကိုလန့်ပြီး ခြံထဲကို ဝင်အပြေးမှာ မိုင်းတစ်လုံးကို နင်းမိပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ မိုင်းနင်းမိတဲ့နွားကတော့ ဒဏ်ရာပေါင်းများစွာနဲ့ သေသွားတယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် မန်ကွန်တိုက်ကျေးရွာလူထုက တိုက်ပွဲဖြစ်တယ် အထင်နဲ့ ပစ္စည်းများကို ထော်လာဂျီ၊ ဆိုင်ကယ်တွေပေါ် တင်ဆောင်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်သွားကြရတယ်လို့ သိရပါတယ်။

မန်ကွန်တိုက် ကျေးရွာ လူကြီးတွေက ပေါက်ကွဲသံကြားရာကို သွားစစ်ဆေးကြည့်တဲ့အခါမှ နွားကြောင့် နင်းမိုင်းကွဲတာကို သိရှိရတဲ့အတွက် တိမ်းရှောင်သူများက မိမိတို့အိမ် မိမိပြန်လာရဲကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီခြံထဲမှာပဲ ထောင်ထားတဲ့ မိုင်းနှစ်လုံး ထပ်မံတွေ့ရှိရလို့ အစိုးရတပ် တာဝန်ရှိသူတွေထံ အပ်နှံလိုက်တယ်လို့ သိရပါတယ်။

မိုင်းကွဲတဲ့အချိန်ဟာ နမ့်ခမ်းမြို့နယ် မှာရှိတဲ့ ရှမ်းနိုင်ငံရေးပါတီ နှစ်ပါတီစလုံးက မြို့နယ်ဥက္ကဋ္ဌတွေဖြစ်ကြတဲ့ စိုင်းလိန်မြတ် (SNLD)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်း (SNDP) တို့ နှစ်ယောက်စလုံးက ဒုက္ခသည်များ ကူညီထောက်ပံ့ရေး ဆွေးနွေးနိုင်ရန်အတွက် အဆိုပါ မန်ကွန်တိုက်ကို ရောက်ရှိနေကြချိန်လည်း ဖြစ်ပါတယ်။

No comments: