Tuesday, May 14, 2013

မုန်တိုင်းအန္တရာယ်ကြောင့် ရခိုင်က ဒုက္ခသည်တွေ နေရာရွေ့

ABC

ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ​ဘင်္ဂလားဒေ့ရှ်နိုင်ငံ ​နယ်စပ်ကမ်းခြေ ​ဒေသများကို ​ဆိုင်ကလုံးမုန်တိုင်း ​ဦးတည်လာနေပြီး ​လာမည့် ​ကြာသာပတေးနေ့ဖြစ်တဲ့ ​မေလ ​၁၆ ​ရက်နေ့ ​မနက်ပိုင်းမှာ ​ကျရောက်ဖို့ ​ရှိတယ်ဆိုတဲ့ ​မိုးလေဝသခန့်မှန်းချက်တွေကြောင့် ​ဒုက္ခသည်စခန်းက ​ဒုက္ခသည်တွေကို ​မနေ့ကစတင် ​ရွေ့ပြောင်းပေး ​နေပြီလို့ ​သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ​ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့တဲ့ ​အကြမ်းဖက်မှုတွေကနေ ​လူပေါင်း ​သောင်းနဲ့ချီ ​အိုးမဲ့ ​အိမ်မဲ့ဖြစ်ခဲ့ပြီး ​အခုအချိန်အထိ ​ယာယီဖျင်တဲတွေနဲ့ ​ခိုလှုံနေရပါတယ်။ ​ရခိုင်ပြည်နယ်တွင်းမှာ ​ဒေသခံရေဒီယိုလိုင်းတွေ ​ကနေတဆင့် ​မုန်တိုင်းသတိပေးချက်တွေနဲ့ ​ရပ်ကွက်တွေမှာလည်း ​အော်လံတွေ ​နဲ့လိုက်လံ ​သတိပေးနေတယ်လို့ ​သိရပါတယ်။

လူပေါင်း ​၁သောင်း ​၃ထောင်လောက်ဟာ ​မုန်တိုင်းကနေတဆင့် ​ပင်လယ်လှိုင်းပုတ်ခတ်မှု ​ဘေးဒဏ်သင့်နိုင်တဲ့ ​စစ်တွေမြို့အနီးတဝိုက်မှာ ​ဒုက္ခသည်အဖြစ်နဲ့ ​နေထိုင်နေကြရတယ်လို့ ​သိရ ​ပါတယ်။

တချို့သတင်းတွေမှာတော့ ​မုန်တိုင်းဟာ ​မြန်မာနဲ့ ​ဘင်္ဂလားဒေ့ရှ် ​ကမ်းခြေကုန်းတွင်းကို ​ဗုဒ္ဓဟူးနေ့ ​မနက်မှာ ​ဆိုက်ရောက်မှာဖြစ်တယ်လို့ ​သတိပေးထားပါတယ်။ ​မြောက်ဘက်ကိုဦးတည်လာ ​နေပြီဖြစ်တဲ့ ​မုန်တိုင်းဟာ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံ ​ချစ်တကောင်းမြို့နဲ့ ​မြန်မာနိုင်ငံ ​ရခိုင်ကမ်းရိုးတန်းကို ​ဦးတည် ​နေတာဖြစ်တယ်လို့ ​သတိပေး ​ထုတ်ပြန်ချက်တွေ ​ထုတ်ပြန်ထားပါတယ်။

လေတိုက်ခတ်နှုန်း ​တနာရီကို ​ကီလိုမီတာ ​၁၃၀ ​အထိ ​ရောက်ရှိမှာဖြစ်ပြီး ​မဟာဆန်လို့ ​နာမည်ပေးထားတဲ့ ​ဆိုင်ကလုံးကို ​ဆိုးဝါးကြမ်းတန်းတဲ့ ​ဆိုင်ကလုံး ​အဖြစ် ​အဆင့်မြှင့် ​သတ်မှတ်လိုက်ပြီလို့လည်း ​သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ​ကမ်းခြေ ​တဝိုက်ကနေ ​လှေတွေ ​သင်္ဘော ​ဆိုက်ကပ်ထားတာတွေ ​နေရာပြောင်းရွေ့ ​ခိုင်းထားပြီး ​ရေကြောင်းယဉ်အားလုံးကိုလည်း ​သွားလာ ​လှုပ်ရှားခွင့် ​ရပ်တန့်ထားတယ်လို့ ​သိရပါတယ်။

No comments: