Tuesday, May 7, 2013

အစိုးရတပ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပလောင် အမျိုးသမီးနှင့် ကျောင်းသားများ အစီရင်ခံ

ဖနိဒါ

အစိုးရ တပ်ဖွဲ့များ၏ ပလောင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည်ဟု ပလောင်အမျိုးသမီးအစည်းအရုံးနှင့် တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး စွပ်စွဲ ပြောဆိုလိုက်သည်။

“အခုက မြန်မာပြည်မှာ (ဦး)သိန်းစိန်အစိုးရလည်း ဆုတွေတောင် ရနေပြီဆိုတော့ ဒါပေမယ့် ကျမတို့ပြချင်တာက တကယ့်တကယ် မြန်မာပြည်မှာက လူ့အခွင့်အရေး မြှင့်တင်ရေးနေရာမှာ ဘာမှ လုပ်ဆောင်တာ မရှိသေးဘူး။ ဒီမိုကရေစီနိုင်ငံလို့ ပြောဖို့ အရမ်းကို ခက်ခဲနေသေးတယ်” ဟု ပလောင် အမျိုးသမီးအစည်း အရုံးမှ တွဲဖက်အတွင်းရေးမှူး (၂) ပိုးညိုဉ်း က ပြောသည်။

အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးများအား သွားရောက် တွေ့ဆုံ မေးမြန်းကာ အချက်အလက်များ ကောက်ယူ၍ အစီရင်ခံစာကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ၎င်း ဆိုသည်။

“ကျမတို့ရဲ့လူတွေ သွားရောက်ပြီး သူတို့နဲ့ စကားပြောတာတွေ ရှိတယ်။ ဓါတ်ပုံတွေ ရှိတယ်။ ဘေးပတ်ဝန်း ကျင်လည်း စိတ်မကောင်းဖြစ်ကြပြီး သူတို့အတွက် ခြိမ်းခြောက်မှုတခုဘဲ ဆိုပြီး ခံစားနေရတယ်” ဟု ပိုးညိုဉ်း က ဆက်ပြောသည်။

တိုင်းရင်းသားဒေသများတွင် ဘဝလုံခြုံမှု မရှိသလို၊ ငြိမ်းချမ်းမှု မရှိသေးသဖြင့် အစိုးရအနေဖြင့် တိုက်ပွဲများ ရပ်တန့်ရန် တိုက်တွန်းတောင်းဆိုလိုက်သည်။

မတ်လနှင့် ဧပြီလအတွင်း ပလောင်ဒေသအတွင်း မြန်မာစစ်အစိုးရ စစ်တပ်မှ အမျိုးသမီးများကို အတင်းအဓမ္မပြုကျင့်ခြင်း၊ အသက် မပြည့်သေးသော အမျိုးသမီးများကိုပင် လမ်းပြပေါ်တာအဖြစ် ခေါ်ယူခြင်း၊ ရွာသားများ ကို တိုင်းရင်းသား စစ်တပ်နှင့် ဆက်သွယ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးစစ်ဆေးကာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လမ်းပြအဖြစ် ခေါ်ဆောင်သည့်အခါ ရွာသားများ မိုင်းနင်းမိ၍ သေဆုံးခြင်းနှင့် ထိခိုက်ဒစ်ရာရခြင်း စသည့် လူ့အခွင့်ချိုးဖောက်မှုများနှင့် ကြုံတွေ့နေရသည်ဟု ယနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

မတ်လ ၂၅ ရက်နေ့က အသက်မပြည့်သေးသော အမျိုးသမီး ၃ ဦးကို ခမရ ၄၁ မှ လမ်းပြအဖြစ် ပေါ်တာaခ်ါဆောင်ခြင်း၊ မတ်လ ၂၆ ရက်နေ့တွင် ထိုတပ်ရင်းမှ တန့်ယန်းမြို့နယ်၊ ကောင်းဆိုင်းကျေးရွာမှ ရွာသားများကို လမ်းပြအဖြစ် ခေါ်ဆောင်သွားရာ နှစ်ဦး မိုင်းနင်းမိ၍ သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ခြင်း၊ ဧပြီလ ၁၉၊ ၂၀ ရက်နေ့များတွင် ခလရ ၅၀၂ မှ တပ်သား နှစ်ဦးက အိမ်ထောင်သည် အမျိုးသမီး နှစ်ဦးအား ဓမ္မပြုခြင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပေါ်တာဆွဲခံရသော တအာင်းအမျိုးသမီးများနှင့် မိုင်းနင်းမိသူများ၏ အင်တာဗျူးများကိုလည်း ထည့်သွင်းထား သည်။

ဧပြီလ ဒုတိယပတ်တွင်လည်း ပလောင်တပ်မှ ရဲဘော် ၃ ဦးအား အစိုးရ၏ တပ်ရင်း ၅၀၄ မှ ဖမ်းဆီး၍ သတ်ဖြတ်ခြင်းနှင့် ကျောက်မဲမြို့နယ် ခွါန်ခါကျေးရွာတွင် အစိုးရ၏ အမှတ် ၅၀၁ တပ်စခန်း တည်ဆောက်စဉ် ဘုံပိုင် သစ်ပင်များ ယူသုံးခြင်းနှင့် အဓမ္မခိုင်းစေခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုသို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ပေးရန်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် မှ အရေးယူ စုံစမ်းစစ် ဆေးပေးရန်နှင့် အမှန်တရားပေါ်ပေါက်စေရန် စုံစမ်းပေးရန်နှင့် စစ်ပြေးဒုက္ခသည်များ နေရပ်ရင်းသို့ လုံခြုံစိတ်ချစွာ ပြန်နေထိုင်ရေးအတွက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအား ဒုက္ခသည်စခန်းများကို လွတ်လပ်စွာ လေ့လာပြီး ကူညီမှုများ ခွင့်ပြုရန်တို့ကို တောင်းဆိုလိုက်သည်။

အစိုးရနှင့် တအာင်းတပ်များအကြား တိုက်ပွဲများကြောင့် တန်ယန်းမြို့ပေါ် ထွက်ပြေးခိုလှုံနေသော စစ်ပြေး ဒုက္ခသည် ၁,၅၀၀ ဦးနှင့် ကွတ်ခိုင်မြို့တွင်လည်း စစ်ပြေးဒုက္ခသည် စုစုပေါင်း ၄,၀၀၀ ကျော်ရှိသည်ဟု ဆိုထားသည်။

No comments: