Tuesday, October 29, 2013

အိန်္ဒိယ-မြန်မာနယ်စပ်တွင် အငြင်းပွားနေသည့်ကိစ္စများ သူရဦးရွှေမန်းထံ တင်ပြမည်

နေမျိုး

စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း တမူးနှင့် အိန်္ဒိယနိုင်ငံ မိုးရေးနယ်စပ်နေရာတွင် အငြင်းပွားမှုဖြစ်နေ သည့် နယ်ခြားကျောက်တိုင်ကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ တင်ပြသွားရန် အစီအစဉ်ရှိကြောင်း ယင်းအစီအစဉ်ကို စီစဉ်နေသည့် အထက်ချင်းတွင်းဒေသ လူငယ်များ ကွန်ရက်မှ သိရသည်။

တမူး-မိုးရေးနယ်စပ်ရှိ အဆိုပါ နယ်ခြားကျောက်တိုင် BP-23 သည် ယခင်နေရာတွင် မရှိဘဲ မြန်မာနိုင်ငံ ဘက်သို့ ရွေ့လာသည်ဟု ဒေသခံများက အမြင်ရှိကြပြီး ယင်းကိစ္စနှင့် ပတ်သက်၍ သူရဦးရွှေမန်းထံ တင်ပြသွားမည် ဖြစ်သည်။ ယင်းအပြင် အဆိုပါနေရာတွင် အိန်္ဒိယဘက်မှ လူနေအိမ်များ ဆောက်လုပ် ကြသည်ဟုလည်း ဒေသခံများက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကိုယ်တိုင်သွားရောက် လေ့လာခဲ့သူ အထက်ချင်းတွင်းဒေသ လူငယ်များ ကွန်ရက်မှအဖွဲ့မှ ကိုကျော်သက်ဝင်းက “ဒေသခံတွေကို ကျွန်တော်တို့ မေးမြန်းတယ်။ ကျွန်တော်တို့ ကိုယ်တိုင်သွားပါတယ်။ အရင်တုန်းက ဒီနေရာ (ယခု BP-23 နယ်ခြားကျောက်တိုင်ရှိသည့်နေရာ) ဟို အရင်တုန်းက မရှိဘူး။ လာရွှေ့ ထားတာ၊ အရင်က နှစ်မိုင်လောက် အဝေးမှာ ရှိတယ်လို့ ဒေသခံတွေက ကျွန်တော်တို့ကို ပြောတယ်။ တမူးနယ်စပ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကိုမေးတော့ တော်တော်များ များက မသိဘူးဘဲ ပြောနေတယ်။ အဲဒီတော့ တာဝန်ရှိတဲ့သူတွေကို တင်ပြဖို့ အစီအစဉ် ရှိတယ်” ဟု ပြောတယ်။

လူနေအိမ်များ ဆောက်လုပ်ထားသည့် နေရာအနီး (အိန်္ဒိယနိုင်ငံပိုင်) တွင်ပင် မြန်မာဘက်မှ စစ်တပ်ချ ထားပြီး စခန်းဆောက်လုပ်ခြင်းကို မိုးရေးမြို့ လူဝင်မှုကြီးကြပ်ရေး နှင့် ခရိုင်အာဏာပိုင်တို့က တမူးမြို့ အာဏာပိုင်များထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း အိန်္ဒိယနိုင်ငံ အခြေစိုက် Sangai Express သတင်းစာ တွင် စက်တင်ဘာလ ၈ရက်က ရေးသားသည်။

မြန်မာတပ်စခန်းဆောက်ပြီး နောက်ပိုင်း အဆိုပါနေရာတွင် လာရောက်ဆောက်လုပ်ထားသည့် လူနေအိမ် များတွင် နေထိုင်သူများ မရှိတော့ကြောင်းလည်း ဒေသခံများက ပြောသည်။

မဏိပူရပြည်နယ်အတွင်းဝန် ဦးဆောင်သည့် နယ်စပ်နယ်မြေကွင်းဆင်း လေ့လာရေးကော်မတီက မဏိပူ ရပြည်နယ် အစိုးရထံသို့ ဟောင်လင်ဖိုင်ကျေးရွာ နှစ်နိုင်ငံ နယ်စပ်တွင် မြန်မာတပ်စခန်း ဆောက်လုပ်နေ ခြင်းကို စက်တင်ဘာလဆန်းက အကဲဖြတ် လေ့လာတင်ပြထားခဲ့ခြင်း ဖြစ်သည်။

မဏိပူရပြည်နယ် အစိုးရအနေဖြင့် ဟောင်လင်ဖိုင်ကျေးရွာကို မြို့နယ်သစ်တစ်ခုအဖြစ် အဆင့်တိုးမြှင့်နေ စဉ် မြန်မာတပ်မှ နယ်စပ်မျဉ်းကျော်ဝင်ရာ တပ်စခန်းဆောက်လုပ်နေသည်ဟုလည်း အဆိုပါသတင်းစာက ဖော်ပြခဲ့သည်။

ထိုနေရာသည် နှစ်နိုင်ငံနယ်စပ်ပိုင်းခြား သတ်မှတ်မှု မပြီးပြတ်သေးသည့် နေရာဖြစ်ကြောင်းလည်း စက် တင်ဘာလအတွင်းက တမူးလွှတ်တော်အမတ် ဦးမြင့်အောင်က မဇိ္ဈမကို ပြောဆိုထားခဲ့သည်။ ထိုနေရာ သည် ပထ၀ီအနေအထားအရ ချောင်း၊ မြောင်းမရှိသည့် နယ်ခြားဖြစ်သည့်အတွက် နှစ်နိုင်ငံချောင်းဖြင့် နယ်ခြားနိုင်သည့် အနေအထားမရှိသလို ကားလမ်းကြမ်းဖြင့်သာ ပိုင်းခြားနေရ၍ နှစ်နိုင်ငံစလုံးအတွက် သိသိသာသာ ထင်ထင်ရှားရှား သတ်မှတ်ပိုင်းခြားနိုင်ခြင်း မရှိသေးကြောင်း အစိုးရစစ်တပ် အရာရှိတစ်ဦး ထံမှ သိရသည်။

ထိုနေရာ အိနိ္ဒယဘက်ခြမ်းတွင် လူနေအိမ်များရှိသော်လည်း မြန်မာဘက်ခြမ်းတွင် လူနေအိမ်များ မရှိဟု လည်း ဒေသခံများက ဆိုသည်။

၂၀၁၃ခုနှစ် ဇူလိုင်လကုန်ပိုင်းက တမူး ခရိုင်၊ ချောင်းနက်ကြီးကျေးရွာအနီး အိန်္ဒိယ-မြန်မာနယ်စပ်မျဉ်းပေါ် ရှိ ကျေးရွာတစ်ရွာအား နယ်ခြားခြံစည်းရိုး ခတ်ကာရံရာတွင် မြန်မာဘက်က မြေပိုများ၍ ရရှိနေကြောင်း မဏိပူရအရပ်ဘက် လူ့အဖွဲ့အစည်းများက သုံးသပ်ကာ စည်းရိုးခတ်ခြင်း ရပ်တန့်ပေးရန် တောင်းဆိုခဲ့ဖူး သည်။

No comments: