ABC
မွတ်ဆလင် ဆန့်ကျင်ရေး အသွင်ဆောင်နေတဲ့ ရခိုင်ဒေသက ဘာသာရေး ပဋိပက္ခတွေဟာ မြန်မာရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေတဲ့ အဓိကအချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနားက ပြီးခဲ့တဲ့ သောကြာနေ့က နယူးယောက်မြို့မှာ ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ တတိယ ကော်မတီ အစည်းအဝေးမှာ မစ္စတာ ကင်တားနားက အခုလို ပြောလိုက်တာဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လ နဲ့ အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း အနည်းဆုံး ၁၉၂ ဦး သေဆုံးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှု ခြေလှမ်းတွေကို စတင်နေပေမယ့် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်း တွေကို လိုက်နာကျင့်သုံးဖို့ လိုအပ်နေသေးတဲ့အကြောင်း မစ္စတာ ကင်တားနားက ပြောကြားလိုက်တာဖြစ်ပါတယ်။
ရခိုင်အရေးကိစ္စမှာ ပထမအကျော့ ပဋိပက္ခကြောင့် လူပေါင်း ၇ သောင်း ခွဲ အိုးအိမ်စွန့်ခွါခဲ့ရသလို ဒုတိယကျော့ ပဋိပက္ခကြောင့် လူပေါင်း ၃ သောင်းခွဲကျော် ဒုက္ခရောက်ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်အသစ်တွေ ပေးခဲ့လို့ အခုလို ပဋိပက္ခ ဖြစ်လာရတယ်ဆိုတဲ့ ပြောဆိုချက်ကိုတော့ မစ္စတာ ကင်တားနားက ငြင်းဆိုလိုက်ပြီး ဒီလိုလုပ်ရပ်ဟာ နိုင်ငံရေး လူမှုရေး ရည်ရွယ်ချက်တွေနဲ့ လူတစုက လုပ်ဆောင်တာ ဖြစ်ကြောင်း၊ ပွင်းလင်း လူ့အဖွဲ့အစည်းတွေဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာကြတယ်လို့ တုန့်ပြန်ပြောကြား ခဲ့ပါတယ်။
ရခိုင်ပြည်နယ် ဒုက္ခသည်တွေ စားနပ်ရိပ်က္ခလိုအပ်
ရခိုင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအကြား ပြဿနာ မဖြေရှင်းနိုင်မချင်း ဒုက္ခသည်တွေအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ် ဆက်လက်မှီခိုနေရမှာ ဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခကြောင့် လူပေါင်း တစ်သိန်းလေးသောင်းကျော်ဟာ ယာယီဒုက္ခသည် စခန်းတွေမှာ နေနေရပြီး အဲဒီဒုက္ခသည်တွေအတွက် ဒီနှစ် ဒီဇင်ဘာလအထိ စားနပ်ရိက္ခာ လုံလောက်ပေမယ့် နောက်တစ်နှစ်အတွက် အလှူရှင်တွေ မရှိသေးတဲ့အတွက် အခက်အခဲဖြစ်နိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က ပြောခဲ့ပါတယ်။
ခုလောလောဆယ်အချိန်အထိ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေအကြား အတူတူ ယှဉ်တွဲပြီး မူလနေရာမှာ ပြန်လည်နေထိုင်နိုင်မယ့် အခြေအနေမရှိသေးဘူးလို့ သိရပြီး ဒီလို ပြဿနာ မဖြေရှင်းနိုင်ရင် ဒုက္ခသည်တွေအနေနဲ့ ဘဝတွေ ကင်းမဲ့တဲ့ အခြေအနေမှာ ဆက်နေရမှာဖြစ်ပြီး နိုင်ငံတကာ အလှူရှင်တွေရဲ့ ရက်ရောမှုအပေါ်မှာပဲ မှီခိုနေရမှာဖြစ်တယ်လို့ ပြောသွားတာဖြစ်ပါတယ်။
ခုလောလောဆယ် ရခိုင်ဗုဒ္ဓဘာသာ အယောက် ၃၀၀၀ နဲ့ ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည် သောင်းနဲ့ချီတို့ဟာ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ အစရှိတဲ့ ထောက်ပံ့ကြေးတွေ ရရှိပြီး ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် သီးသန့် အဟာရမှုန့်တွေကို ထောက်ပံ့ပေးထားပါတယ်။
ကချင်ပြည်နယ်အတွင်း ဒုက္ခသည်အခြေအနေ
အခုလတ်တလော ပြန်လည် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက စစ်ပွဲတွေကြောင့် ပိတ်မိနေတဲ့ စစ်ရှောင် ဒုက္ခသည်တွေအတွက် အထူးစိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ က ထုတ်ဖော်လိုက်ပါတယ်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ လုပ်ဆောင်နေတဲ့အချိန်မှာပဲ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA အကြား မန်စီ ဒေသမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ထောင်နဲ့ ချီပြီး အစာရေစာ ပြတ်လတ်နေကြပါတယ်။
အခုလိုပိတ်မိနေတဲ့ သူတွေ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အထူးစိုးရိမ်ပူပန်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် အရှုတ် နီဂမ် (Asok Nigam) ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
KIO နဲ့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ဟာ တိုက်ပွဲတွေ အရှိန်လျှော့ချဖို့နဲ့ တိုက်ပွဲထပ် မဖြစ်အောင် ပူးတွဲစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းဖို့ ဒီလဆန်းပိုင်းက မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် တိုက်ပွဲတွေ ကတော့ ဆက်လက်ဖြစ်ပွားနေပါတယ်။
၁၇ နှစ်ကြာ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီနိုင်ခဲ့တဲ့ KIA ဟာ ၂၀၁၁ ဇွန်လကစလို့ နှစ်ဘက်ပြန်လည် တိုက်ခိုက်နေကြတာကြောင့် လူပေါင်း သောင်းနဲ့ချီပြီး စစ်ရှောင်ထွက်ပြေးနေကြရပါတယ်။
No comments:
Post a Comment