Thursday, October 31, 2013

ပြည်ခရိုင်တွင် အခြေခံဥပဒေပြင်ဆင်ရန် ၉၇ ရာခိုင်နှုန်းထောက်ခံ

ရေခဲ(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင်ပြည်မြို့ခြောက်မြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြန်လည်ရေးဆွဲ ရေးအတွက် လူထုဆန္ဒရယူပွဲလုပ်ခဲ့ရာ ၉၇ ရာခိုင်နှုန်း ပြင်ဆင်ရန် ထောက်ခံခဲ့ကြပြီး သုံးရာခိုင်နှုန်းက အသစ်ပြန်ရေးဆွဲရန် ဆန္ဒပြုခဲ့ကြသည်။

ထိုသို့ အခြေခံဥပဒေနှင့် ပတ်သက်၍ လူထုဆန္ဒရယူပွဲကို ပြည်မြို့ကမ်းနားလမ်းရှိ ဂင်္ဂါဝတီခန်းမတွင် အောက်တိုဘာလ ၃၀ရက်က ပြုလုပ်ခဲ့သည်။

ပြည်ခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်ဖြစ်သော ပြည်၊ ပန်းတောင်း၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်း တည်၊ ပေါက်ခေါင်းမြို့နယ်တို့မှ အမျိုးသားဒီမိုစီအဖွဲ့ချုပ်(NLD)နှင့် အခြားနိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များအပါအ၀င် ပြည်သူတစ်ထောင်ကျော် တက်ရောက်ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။

ယင်းအခမ်းအနားသို့ ရှေ့နေကြီး ဦးကိုနီတက်ရောက်ခဲ့ပြီးဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းပြည်အတွက် မည်မျှအရေးကြီးသည်တို့ကို ရှင်းလင်းဟောပြောခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ယင်းသို့ကောက်ခံခြင်းကို အောက်တိုဘာလကုန်ခန့်တွင် အပြီးကောက်ခံသွားမည်ဖြစ်ပြီး နိုဝင်ဘာလတွင်အဖွဲ့ဝင် ၁၀၉ဦး ပါဝင်သော လွှတ်တော်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပူးပေါင်းလေ့လာရေးကော်မတီသို့ ဆက်လက်တင်ပြ သွားမည်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD မှ သဘောထားကောက်ယူမှုများကို ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ဆန္ဒကောက်ယူခဲ့ရာ ပြင်ဆင်ရန်သာ အများစုကသဘောတူညီခဲ့သည်ဟု သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံရှိ အခန်းအချို့မှ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက် ၀က်ကျော် ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည် ဖြစ်သည်။

ယင်းအပြင် အချို့ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး ၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်။

No comments: