Tuesday, October 29, 2013

အနိမ့်ဆုံး စပါးဈေး သတ်မှတ်ပေးရန် သမ္မတထံ စာတင်မည်

အေးမြင့်စန်း

ပြည်တွင်းတွင် စပါးဈေးကို အနိမ့်ဆုံးဈေး သတ်မှတ်ပေးရန်အတွက် တောင်သူ လယ်သမားများ၏ လက် မှတ်များ စုဆောင်း၍ သမ္မတထံ စာတင်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားများ နှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM) မှ ပြောရေးဆိုခွင့်ရှိသူ ဦးယဉ်အေးက မဇ္ဈိမ သို့ အောက်တိုဘာ ၂၇ တွင် ပြောသည်။

ယင်းသို့ အနိမ့်ဆုံးဈေး သတ်မှတ်ရာတွင် စပါးတင်းတစ်ရာလျှင် ကျပ်ခြောက်သိန်း နှင့် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် လေးသောင်း သတ်မှတ်ပေးရန်အတွက် တောင်သူလယ်သမားများ၏ ထောက်ခံ လက်မှတ်များ ကောက်ယူသွားမည် ဖြစ်သည်။

ယင်းသို့ တောင်းဆိုရခြင်းမှာ လယ်သမားများ၏ အကျိုးစီးပွား ကာကွယ်မြှင့်တင်နိုင်ရန်နှင့် ဒေသအလိုက် ထွက်ကုန်ပစ္စည်းများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ ထိုက်တန်သော ဈေးနှုန်းများ ရရှိစေရန်အတွက် AFFM က စီစဉ်နေခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ သမဂ္ဂအဖွဲ့ ၂၆၇ ဖွဲ့၏ ခေါင်းဆောင်များက အောက်တိုဘာ ၁ ရက်မှ စတင်ကာ လက်မှတ်များ စုဆောင်းပေးနေခြင်း ဖြစ်သည်။

လက်ရှိတွင် စပါးတင်းတစ်ရာလျှင် ကျပ် ၃၂၀,၀၀၀နှင့် ပဲဈေး (ပဲတီစိမ်း) တစ်တင်းလျှင် ၃၀,၀၀၀၀န်းကျင် ဖြင့်သာ ပွဲစားများက ၀ယ်ယူနေသည်ဟုလည်း သုံးခွမြို့နယ်၊ တောင်သူလယ်သမားသမဂ္ဂမှ စည်းရုံးရေး မှူး တစ်ဦးလည်းဖြစ်သူ ကိုယဉ်အေးက ပြောသည်။

၎င်းက “ ဆန်စပါးဝယ်ယူတဲ့ ကုမ္ပဏီတွေက လွှတ်ထားတဲ့ ပွဲစားတွေက စပါးဈေးကို နှိမ်ပြီး ၀ယ်ယူနေကြ တယ်။ ဒီဇင်ဘာလ စပါးထုတ်လုပ်မှုတွေ စတင်တဲ့ အချိန်မရောက်ခင် စပါးဈေးခြောက်သိန်း သတ်မှတ် ပေးစေလိုပါတယ် ” ဟုပြောသည်။

တစ်နိုင်ငံလုံးရှိ တောင်သူ တစ်သိန်း၏ လက်မှတ်ထိုး တောင်းဆိုထားသည့် စပါးဈေးအတိုင်း သမ္မတ ထံ ပေးပို့မှုသည် ထူးခြားမှုမရှိပါက AFFM က အဖွဲ့ဝင် နိုင်ငံအဖြစ် ၀င်ထားသော နိုင်ငံတကာ စားသောက် ကုန် လုပ်ငန်းများဆိုင်ရာ သမဂ္ဂ (IUF) နှင့် ချိတ်ဆက်ပြီး ဒီဇင်ဘာလတွင် ပြည်ပက ဆန်စပါးဝယ်ယူ သည့် ကုမ္ပဏီများနှင့် AFFMအဖွဲ့ဝင် တောင်သူများကို တိုက်ရိုက်ချိတ်ဆက်ပြီး ရောင်းဝယ်နိုင်အောင်IUF က ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ကျောက်တန်း တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးမြင့်အောင်ကလည်း “ကျောက်တန်းမြို့နယ်မှာ ကျေးရွာပေါင်း ၆၄ ရွာက စိုက်ပျိုးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူတွေ ဖြစ်တယ်၊ လက်မှတ် စုဆောင်းတာ တစ်သောင်းကျော်ရနေပြီ၊ တောင်သူအားလုံးစိုက်ပျိုးထားတဲ့ သီးနှံပေါက်ဈေးတွေရဲ့ အကျိုးအမြတ်ကို ခံစားခွင့်မရကြဘူး” ဟု ပြောသည်။

AFFM ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာ စားသောက်ကုန် လုပ်ငန်းများဆိုင်ရာသမဂ္ဂ (IUF) ၏ အဖွဲ့ဝင် ဖြစ်သည်။

No comments: