Tuesday, October 29, 2013

ထိုင်းတွင် အလုပ်ရလို၍ မြ၀တီတွင် တစ်နှစ်ကျော်နေခဲ့ရသော အလုပ်သမား၂၃ ဦးရန်ကုန်ပြန်ရောက်

အေးမြင့်စန်း

ထိုင်းနိုင်ငံရှိ စက်ရုံများတွင် အလုပ်ရမည်ဟုဆိုကာ ပွဲစားကခေါ်ဆောင်လာပြီး ကရင်ပြည်နယ် မြ၀တီမြို့ တွင်တစ်နှစ်ကျော် သောင်တင်နေသော အလုပ်သမား ၂၃ ဦး သည် အောက်တိုဘာလ ၂၇ ရက်က ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးလှုပ်ရှား ဆောင်ရွက်ရေး ဥပဒေအထောက်အကူပြု အဖွဲ့(ပြည်မြို့)မှ ဒေါ်သန်းသန်းအေးက မဇ္ဈိမကိုပြောသည်။

ထိုအလုပ်သမား ၂၃ ဦးသည် ၎င်းတို့အစီအစဉ်ဖြင့်ပင် နေထိုင်သောနေရပ်များသို့ အောက်တိုဘာလ ၂၈ ရက်မှ စတင်ကာ အသီးသီးပြန်နေပြီဖြစ်သည်။ နိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေး လှုပ်ရှားဆောင်ရွက် ရေးအဖွဲ့(ပြည်မြို့)က အလုပ်သမားများ၏ နစ်နာဆုံးရှုံးမှုများ၊ ငွေကြေးဆုံးရှုံးမှုများနှင့် လိမ်လည်ခေါ်သောအေးဂျင့်ပွဲစားများကို တရားစွဲဆိုနိုင်ရန် အလုပ်သမားဝန်ကြီးထံတိုင်ကြားဆောင်ရွက်မည်ဟု ဒေါ်သန်းသန်းအေးက ပြောသည်။

“ထိုင်းနိုင်ငံက ငါးပါကင်ထုတ်တဲ့စက်ရုံ မှာ အလုပ်ရမယ်ဆိုလို့။ အေးဂျင့်ပွဲစားခေါ် လာတာပါ။ မြ၀တီမှာ ခြောက်လကျော်အထိ လုံခြုံမှုမရှိတဲ့အဆောင်တွေထဲမှာ နေခဲ့ရတယ်။ ထိုင်းမှာ အလုပ်သွားလုပ်ဖို့ အိမ် တွေလယ်တွေ ပေါင်နှံပြီးသွားခဲ့တဲ့သူတွေဆို အိမ်မပြန်ရဲကြလို့ နယ်စပ်အောက်လမ်းကနေ ထိုင်းဘက် ကို ကူးသွားကြတာရှိတယ်”ဟု ဧရာဝတီတိုင်း ကြံခင်းမြို့နယ် ထိန်ပင်မြောင်ကျေးရွာမှ မခင်ချိုဝင်းက ပြောသည်။

အလုပ်သမားစုဆောင်းသည့် ပွဲစားများက ထိုင်းနိုင်ငံရှိစက်ရုံကြီးများတွင် အလုပ်ရမည်ဟုဆိုကာ စည်းရုံး ခဲ့ခြင်းဖြစ်သည်။ သို့သော်အလုပ်သမားများကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခြင်းမရှိဘဲ မြ၀တီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ကျောက်လုံးကြီးလမ်းသွယ်အနီးရှိ အေးဂျင့်မှစီစဉ်ပေးသော အဆောင်များတွင် သောင် တင်နေထိုင်ခဲ့ရသူများဖြစ်သည်။ ထိုသူများကို ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ရှိ NLD ပါတီ၏ စီစဉ်ပေးမှု ဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

မန္တလေးတိုင်း၊ တပ်ကုန်းမြို့နယ်မှ ကိုမျိုးဝင်းဇော်က “အဆောင်တစ်ခုမှာ လူ ၃၀၀ ကျော်လောက် ပြည့် ကျပ်နေတဲ့အထိ နေထိုင်ခဲ့ရတယ်၊ အေးဂျင့်ရဲ့ ကိုယ်စားလှယ်ပွဲစားတွေက စာရွက်စာတမ်းမပြည့်စုံလို့ ထိုင်းဘက်မှာ အလုပ်မရသေးတာ၊ မနေချင်ပြန်ကြလို့ပြောတယ်၊ တချို့မနေနိုင်တဲ့သူတွေဆို အောက် လမ်းကနေသွားကြတော့ ထိုင်းငါးဖမ်းလုပ်ငန်းတွေမှာ ရောင်းစားခံကြရတယ်”ဟု ပြောသည်။

ယင်းအလုပ်သမား၂၃ ဦးသည် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းအတွင်းရှိ နေပြည်တော်၊ တပ် ကုန်းနှင့် ကြံခင်းမြို့နယ် အစရှိသည့်ဒေသများမှ အလုပ်သမားများဖြစ်ပြီး ထိုင်းနိုင်ငံရှိ ရော်ဘာစက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ငါးစည်သွပ်ဘူးစက်ရုံများတွင် သွားရောက်လုပ်ကိုင်ရမည်ဟု စည်းရုံးခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသို့မရောက်ဘဲ မြ၀တီမြို့တွင် တစ်နှစ်ကျော် နေထိုင်ခဲ့ရခြင်း ဖြစ်သည်။

No comments: