Tuesday, October 29, 2013

မကွေးတိုင်း၊ မြို့နယ်နှစ်ခုတွင် အခြေခံဥပဒေပြင်ဆင်ရန် ဆန္ဒပြု

ဝိုင်းအောင်

မကွေးတိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်၊ အသစ်ပြန်လည် ရေးဆွဲရန် ဆွေးနွေးပွဲပြုလုပ်ကာ ဆန္ဒရယူပွဲကို အောက်တိုဘာလ ၂၅ရက်နှင့် ၂၆ရက်တို့တွင် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ တက်ရောက်သူ အများစုက ပြင်ဆင်ရန် ထောက်ခံခဲ့ကြသည်။

မကွေးမြို့ စိုးကောမင်းရပ်၊ ကမ်းနားလမ်းရှိ နန်းထိုက်သူဟိုတယ်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၆ရက်က ပြုလုပ်ခဲ့ပြီး ပါတီဝင်နှင့် ပြည်သူ ၅,၀၀၀ တက်ရောက်ခဲ့ကာ တက်ရောက်သူ အားလုံးက ပြင်ဆင်ရန် မတ်တပ်ရပ်ကာ ဆန္ဒပြုခဲ့ကြသည်။

ထို့အပြင် အောက်တိုဘာလ ၂၅ရက်ကလည်း မကွေးတိုင်း၊ မင်းဘူးမြို့နယ် အမှတ် (၃)ရပ်ကွက်တွင် အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲသို့ ပါတီဝင်နှင့် ပြည်သူအင်အား ၃,၀၀၀ခန့်က တက်ရောက်ခဲ့ပြီး တက် ရောက်သူအားလုံးက ပြင်ဆင်ရန်သာ ဆန္ဒပြုခဲ့သည်။

မကွေးတိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟို ကော်မတီဝင်၊ ဥပဒေပညာရှင် ဦးကြည်ဝင်း (လပွတ္တာ)က ဆွေးနွေး ဟောပြောခဲ့ခြင်း ဖြစ်သည်။

ဦးကြည်ဝင်းက “ကျွန်တော်တို့ ၂၀၀၈ အခြေခံဥပဒေကို ၂၀၁၄ မှာပြင်လိုက်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ချောပြီ။ ဘာတွေ ပြင်ရမှာလဲဆိုရင် အရေးအကြီးဆုံး ပုဒ်မကြီး အခြေခံ ဥပဒေပုဒ်မ (၄၃၆)ကိုပြင်မှာ။ သူတို့ ကိုယ်နှိုက်ကကို ပြင်ဖို့ပြောနေကြပါပြီ။ ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း သဘောတူညီချက်တွေရပြီ။ ဒီဥပဒေ(၄၃၆)ကိုသာ ပြင်လိုက်ရင် ဟိုဘက်က နိုင်ငံခြားသားသြဇာခံ၏ ယောက်ျား၊ သားသမီးတွေဆိုတဲ့ ဘာညာ သာတကာတွေ အားလုံးပါသွားပြီ” ဟု မကွေးမြို့ စိုးကောမင်းရပ်ရှိ နန်းထိုက်သူဟိုတယ်တွင် ဆွေးနွေးခဲ့သည်။

ထို့အပြင် မန္တလေးတိုင်းရှိ မြို့နယ် ခြောက်မြို့နယ်တွင်လည်း အောက်တိုဘာလ ၂၆ရက်နှင့် ၂၇ရက်တွင် အခြေခံဥပဒေနှင့် စပ်လျဉ်း၍ ဆန္ဒရယူရာ ၉၉ရာခိုင်နှုန်းမှာ ပြင်ဆင်ရန်သာ ဆန္ဒရှိသည်ဟု သိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ယင်းသို့ ကောက် ခံခြင်းကို အောက်တိုဘာလကုန်ခန့်တွင် အပြီးကောက်ခံသွားမည်ဖြစ်ပြီး နိုဝင်ဘာလတွင် အဖွဲ့ဝင် ၁၀၉ ဦး ပါဝင်သော လွှတ်တော်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပူးပေါင်း လေ့လာရေးကော်မတီသို့ ဆက်လက်တင်ပြ သွားမည် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ NLD မှ သဘောထားကောက်ယူမှုများကို မန္တလေးတိုင်း၊ စစ်ကိုင်း တိုင်း၊ ချင်း ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင် ကောက်ယူ ပြီး ဖြစ်ရာ ပြင်ဆင်ရေးအား ထောက်ခံသူ ၈၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းအကြား ရှိသည်။ အသစ်ရေး ဆွဲရန် ဆန္ဒပေးသူမှာ ၂၀ ရာ ခိုင်နှုန်းခန့်သာ ရှိသည်ဟု သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံရှိ အခန်းအချို့မှ ပြဋ္ဌာန်းချက်များကို ပြင် ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက် ၀က်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်သည်။

ယင်းအပြင် အချို့ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး ၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်။

No comments: