Wednesday, October 30, 2013

ပြင်ဦးလွင်မြို့နယ်ကျေးရွာ ၁၈ ရွာမှ တောင်သူများကိုပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲထားသော်လည်းဆက်လက်စိုက်ပျိုးမည်

အောင်ကိုဦး

ပြင်ဦးလွင်မြို့နယ်ရှိ ကျေးရွာပေါင်း ၁၈ ရွာမှ လျော်ကြေးမပေးဘဲ သိမ်းယူထားသည့် လယ်မြေဧက ၉ယ၀၀၀နီးပါးပေါ်တွင် မူလတောင်သူများက ၀င်ရောက်စိုက်ပျိုးသောကြောင့် ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခံနေရသည်။ သို့သော်တောင်သူများအနေဖြင့် ဆက်လက်စိုက်ပျိုးသွားမည်ဟု အောက်တို ဘာလ ၂၇ရက်က ပြောကြားလိုက်သည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ကျေးရွာပေါင်း၁၈ရွာမှ ဒေသခံများက အောက်တိုဘာ လ၂၇ရက် တွင် ပြင်ဦးလွင်မြို့ ဥာဏ်ကွဲရပ်ကွက်ရှိ ဆင်ဖြူကန်ဘုန်းတော်ကြီးကျောင်း၌ သတင်းစာရှင်း လင်းပွဲပြုလုပ်ကာ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ လယ်တွေကို ပိုးစာစီမံကိန်းလုပ်မယ်ဆိုပြီးသိမ်းခဲ့တာပါ။ စိုက်ပျိုးလုပ်ကိုင်နေဆဲမှာ အသိမ်းခံ လိုက်ရတာပါ။ ဒီလယ်မြေတွေက ဘိုးဘွားပိုင်လယ်မြေတွေပါ” ဟု ပြင်ဦးလွင်မြို့နယ် ပွဲကောက်ရွာမှ ဒေါ်ကြည်အေးက မဇ္ဈိမကို ပြောသည်။

ကျေးရွာ ၁၈ရွာမှ ဒေသခံတောင်သူ ၈၀၀ခန့်သည် သိမ်းဆည်းခံရသော လယ်ယာမြေ ၈၇၄၂ ဧကပေါ်တွင်ပြန်လည် စိုက်ပျိုးခွင့်ရရှိရန် ပြည်ထောင်စုလွှတ်တော်၏ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုစုံစမ်းရေးကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၄ရက်တွင် စာတင်ခဲ့သည်။ သို့သော် ပြန်လည် စိုက်ပျိုးခွင့်မပြုပါကလည်း ဆက်လက်စိုက်ပျိုးမည်ဟုဆိုသည်။

ထိုလယ်မြေများကို ၂၀၁၁ခုနှစ်က လျော်ကြေးတစ်စုံတစ်ရာမပေးဘဲ စစ်တပ်ကစီမံကိန်းလုပ်မည်ဟုဆို ကာသိမ်းဆည်းခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော်ခြင်း မရှိသောကြောင့် ဒေသခံများက ပြန်လည်ဝင် ရောက်စိုက်ပျိုး ခဲ့သည်။ ထိုသို့ စိုက်ပျိုးမှုကိုဝင်ရောက် ကျူးကျော်သည်ဟုဆိုကာ မြေ၀ယ်ယူထားသူများက ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“အခုချိန်ထိဘာမှ မလုပ်ပါဘူး။ အဆောက်အအုံတစ်လုံးနှစ်လုံးပဲ ဆောက်ထားပါတယ်။ ဒါကြောင့် ပိုလျှံတဲ့ လယ်မြေလေးတွေကိုတော့ မူလပိုင်ရှင်ကိုပြန်ပေးစေချင်တယ်။ အခုတော့ ဘယ်လောက်ဝမ်းနည်းဖို့ ကောင်းလဲ။ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို ချပေးတယ်။ ကျွန်တော်တို့မှာတော့ ဒုက္ခပေါင်းစုံ ရောက် နေတယ်။ ငတ်နေတယ်” ဟု မှိုင်းလုံကျေးရွာမှ ဦးတင်ငွေက မဇ္ဈိမကို ပြောသည်။

ထိုသို့တရားစွဲဆိုမှုကြောင့် တောင်သူ ၇၉ ဦးက ပိုင်နက်ကျူးလွန်မှု ပုဒ်မများဖြစ်သည့် ပုဒ်မ၄၄၂၊ ပုဒ်မ ၄၄၇တို့ဖြင့် ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရပြီး ဖေဖော်ဝါရီလမှစတင်ကာ ရုံးချိန်းသုံး ကြိမ်မှ ၄၃ကြိမ်အထိ ရှိနေပြီဖြစ်သည်။

ထိုကိစ္စအား လိုက်လံအကူအညီပေးနေသော KIO နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့်အဖွဲ့မှ အထက် မြန်မာပြည်တာဝန်ခံဦးကိုကြီးက “အခုသိမ်းထားတာတွေက ဘာအထောက်အထားမှမရှိဘူး။ နှုတ်နဲ့သိမ်း တယ်ဆိုပြီး လုပ်လိုက်တာ။ ပြီးတော့သူတို့လုပ်တဲ့ စိုက်ပျိုးတဲ့စီမံကိန်းတွေက မအောင်မြင်ဘူး။ မအောင်မြင်တော့ ဒီအတိုင်း ပစ်ထားတယ်။ အဲဒီ့လိုပြစ်ထားတော့ မူလပိုင်ရှင်တွေကရှင်းလင်းပြီး စိုက်ပျိုးကြတယ်။ စိုက်ပျိုးချိန်မှာ ပြဿနာစဖြစ်တာပဲ”ဟု ရှင်းပြသည်။

ထိုသို့ လယ်မြေသိမ်းဆည်းခံရမှုများကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO)နှင့် ဆက်သွယ် ဆောင်ရွက်နေသော အထက်မြန်မာပြည် ကွန်ရက်-မန္တလေး (Facili- tators Network With ILO Upper Myanmar Madalay) အဖွဲ့က လိုက်လံကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

လယ်မြေသိမ်းဆည်းခံရသော ကျေးရွာ ၁၈ ရွာမှာ ပွဲကောက်ရွာ၊ မှိုင်းလုံရွာ၊ လက်ပံကုန်းရွာ၊ မိုးကြိုးပစ်ရွာ၊ ကျင်ဂနိုင်ရွာ၊ မီသွေးဖိုရွာစသည့် ရွာများဖြစ်ပြီး မိမိတို့ပိုင်လယ်ယာများပြန်လည်ရရှိစေရန် ဥပဒေ ဘောင်အတွင်းမှ ဆက်လက် ရင်ဆိုင်ဆောင်ရွက်သွားမည်ဟု ဒေသခံတောင်သူများက ဆိုသည်။

No comments: