Tuesday, October 29, 2013

မန္တလေးတိုင်း ခြောက်မြို့နယ်တွင် အခြေခံဥပဒေပြင်ဆင်ရန် ၉၉ ရာခိုင်နှုန်း သဘောတူညီ

အောင်ကိုဦး

မန္တလေးတိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန် လူထုဆန္ဒ ကောက်ယူမှုကို အောက်တိုဘာလ ၂၆ရက် နှင့် ၂၇ရက်နှစ်ရက်တာ ပြုလုပ်ခဲ့ရာ ပြင်ဆင်ရန် ၉၉ ရာခိုင်နှုန်းထောက်ခံခဲ့ သည်ဟု မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကိုကိုလေးက မဇ္ဈိမကိုပြောသည်။

“ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ ဒီဖွဲ့စည်းပုံကို ပြင်ဆင်ရပါမယ်။ ပြင်ဆင်ပေးဖို့ ပြည်သူလူထုဆီ ဆန္ဒခံ ယူမှုတွေလုပ်တာ ထောက်ခံမှုတွေ ရအောင်လုပ်နေတာ ပါတီအတွက် မဟုတ်ပါဘူး။

“ပြည်သူလူထုတစ်ရပ်လုံးအတွက် လုပ်ဆောင်နေတာပါ” ဟု ခရိုင် NLD ဒု-ဥက္ကဋ္ဌ ဦးကိုကိုလေးက ပြောသည်။

ထိုသို့ လူထုဆန္ဒရယူမှုကို အောက်တိုဘာ ၂၆ရက်နှင့် ၂၇ရက်တွင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ခြောက် မြို့နယ်တွင် အခြေခံဥပဒေနှင့် ပတ်သက်သည့် ဟောပြောမှုများ၊ ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ကာ ဆန္ဒရယူခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဟောပြောရှင်းလင်းရာတွင် ပြည်သူအများစုအနေဖြင့် အခြေခံဥပဒေ အား သိရှိနားလည်ခြင်းမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှိုင်မြင့်က ပြောသည်။

“ဒါတွေဟာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ပြည်သူကို ချမပြခဲ့ဘူး။ အဲလိုတွေ မသိခဲ့ရတော့ ပြည်သူလူထုရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတယ်။ ရပိုင်ခွင့်တွေ မရတော့ဘူး။ အာဏာရှင်တွေသာ ကောင်းစားပြီး အကျိုး အမြတ် ခံစားခဲ့ကြရတယ်။ သူတို့ပဲ လုပ်ပိုင်ခွင့်တွေရ ခဲ့ကြတယ်။ အခုပြည်သူနဲ့ အစိုးရမျှဖို့ ပြင်ဆင်စရာ ရှိတာပြင်ဆင်ဖို့ ဆောင်ရွက်ကြမှာပါ။ ပြင်ဆင်နိုင်မှ ပြည်သူတွေချမ်းသာမယ်လို့ ယုံကြည်တယ်” ဟု မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးလှိုင်မြင့်က မဇ္ဈိမကို ပြောသည်။

အခြေခံဥပဒေအား ပြည်သူလူထုသိရှိရန် မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံ မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ဆွေးနွေးရှင်းလင်းကာ ဆန္ဒကောက်ယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မန္တလေးတိုင်းအတွင်းရှိ ကျေး လက်ဒေသများအထိ ကောက်ခံကာ ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဟု မန္တလေးတိုင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွန်းဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ယင်းသို့ ကောက် ခံခြင်းကို အောက်တို ဘာလကုန်ခန့်တွင် အပြီးကောက်ခံသွားမည် ဖြစ်ပြီး နိုဝင်ဘာလတွင် အဖွဲ့ဝင် ၁၀၉ ဦး ပါ ၀င်သော လွှတ်တော်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပူးပေါင်းလေ့လာရေးကော်မတီသို့ ဆက်လက် တင်ပြသွားမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ NLD မှ သဘောထားကောက်ယူမှုများကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်း ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင် ကောက်ယူပြီးဖြစ်ရာ ပြင်ဆင်ရေးအား ထောက်ခံသူ ၈၀ ရာခိုင်နှုန်းနှင့် ၉၀ရာခိုင်နှုန်းအကြား ရှိသည်။ အသစ်ရေးဆွဲ ရန် ဆန္ဒပေးသူမှာ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု သိရသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၃၆တွင် ဖွဲ့စည်းပုံရှိ အခန်းအချို့မှ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန်္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ထက်ဝက် ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်သည်။

အချို့ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်။

No comments: