Tuesday, October 29, 2013

ဗုံးပေါက်ကွဲမှုနှင့် ဗုံးလန့် မှုများအပြီး မန္တလေးမြို့တွင် လုံခြုံရေးအင်အား တိုးမြှင့်ချထား

အောင်ကိုဦး

ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများအပြင် ဗုံးလန့်မှုများ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် မန္တလေးမြို့တွင် လုံခြုံ ရေးအင်အား တိုးမြှင့်ချထားကြောင်း မန္တလေး တိုင်းရဲတပ်ဖွဲ့မှူးရုံး ဒု-ရဲမှူးအောင်ရွှေက ပြောသည်။

မန္တလေးမြို့၏ လူစည်ကားသောနေရာများဖြစ်သည့် ဈေးများ၊ သင်္ဘောဆိပ်များ၊ ဆေးရုံများနှင့် ဘူတာတို့ တွင် လုံခြုံရေးတိုးမြှင့်ချထားပြီး လူသွားလူလာများသော လမ်းမကြီးများ၊ ကျုံးပတ်ပတ်လည်နှင့် ဘုရားများ တွင်လည်း လုံခြုံရေးများ နေ့ညချထားကြောင်း သိရသည်။

“ကျွန်တော်တို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကိုလည်း လုံခြုံရေးဆောင်ရွက်ဖို့ ညွှန်ကြားစာတွေ ထုတ်ပေးထား တယ်။ မသင်္ကာစရာ တစ်စုံတစ်ခုတွေ့တာနဲ့ အချိန်နဲ့တစ်ပြေးညီ အဆင့်ဆင့်သတင်းပို့ပြီး ဆောင်ရွက်ကြ မှာပါ။” ဟု ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် မန္တလေးမြို့ရှိ ဟိုတယ်ကြီးများတွင်လည်း ဟိုတယ်လုံခြုံရေးဝန်ထမ်းများအပြင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများကလည်း လုံခြုံရေးများ သီးသန့်ချထားပေးကြောင်း မန္တလေး ဟင်းရီဆော့ ဟိုတယ်လုံခြုံရေးတာဝန်ခံ ကိုကောင်းမြတ်က ပြောသည်။

မန္တလေးမြို့ မြို့မရဲစခန်းများမှလည်း လုပ်ငန်းရှင်များ၊ ဟိုတယ်များ၊ ကုမ္ပဏီများ၊ စူပါမားကက်များ၊ စတိုး ဆိုင်များနှင့် စားသောက်ဆိုင်များတွင် လုံခြုံရေးအတွက် CCTV ကင်မရာများတပ်ဆင်ကြရန် ခေါ်ယူ၍ အသိပညာပေးမှုများ အောက်တိုဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့ မှူးရုံးမှ ဒု-ရဲမှူး အောင်ရွှေက ပြောသည်။

No comments: