Tuesday, October 29, 2013

ဖုန်းကတ်အရစ်ကျဝယ်ယူငွေများ ဆက်မသွင်းရသော်လည်း ပြင်ပဖုန်းဆိုင်မှ ၀ယ်ယူထားသည့်ကတ်ငွေမသွင်း၍ လိုင်းပိတ်ခံရ

ချိုကို

ကျပ်နှစ်သိန်းတန်ဆင်းမ်ကတ်များ ချထားပေးစဉ်က အရစ်ကျစနစ်ဖြင့် ပြင်ပမိုဘိုင်းဖုန်းဆိုင်မှ ၀ယ်ယူ ထားသည့် ဆင်းမ်ကတ်များကို ပိုက်ဆံအကျေမပေးသွင်းသည့်အတွက် လိုင်းပိတ်လိုက်ရာ လက်ရှိတွင် အသုံးပြု၍မရတော့ကြောင်း ယင်းစနစ်ဖြင့် မိုဘိုင်းဖုန်းကိုင်ဆောင်ခဲ့သူ ဦးစောလင်းအောင်က ပြောသည်။

ကျပ်နှစ်သိန်းဖုန်းများ ထွက်ရှိစဉ်က အစိုးရဌာနများရှိ ၀န်ထမ်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရစ်ကျစနစ်ဖြင့် ရောင်းချပေးသကဲ့သို့ ပြင်ပမိုဘိုင်းဖုန်းဆိုင်များကလည်း ၀ယ်ယူသူများကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခြင်းများရှိခဲ့သည်။ သို့သော် ကျပ် ၁၅၀၀ တန်ဖုန်းများ ထွက်လာသည့်အချိန်တွင်မူ မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချပေးထားသည့် ဆင်းမ်ကတ်များအတွက် ပေးသွင်းပြီးသည့်ငွေပမာဏ တစ်ခုတွင်သာ ရပ်ထားပြီး ဆက်လက်ပေးသွင်းရခြင်း မရှိတော့ပေ။ ပိုင်ဆိုင်မှုစာချုပ်များကိုမူ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတွင် ထုတ်ယူနိုင်သည်။

သို့သော်လည်း ပြင်ပဖုန်းဆိုင်များမှ ၀ယ်သည့်ဖုန်းကတ်အချို့မှာ ငွေထပ်မံပေးသွင်းခြင်းမရှိသည့်အတွက် လိုင်းပိတ်ထားလိုက်ခြင်းဖြစ်သည်ဟု ဦးစောလင်းအောင်က ဆိုလိုခြင်းဖြစ်သည်။

ဝယ်ယူခဲ့သည်မှာ ဆင်းမ်ကတ် ငါးကတ်ဖြစ်ပြီး အသုံးပြုမှု တစ်နှစ်ခန့်ကြာမြင့်လာခဲ့ပြီးမှ လိုင်းအသုံးပြုမှု ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

ဦးစောလင်းအောင်က “ပြီးခဲ့တဲ့နှစ်ပတ်ကျော်လောက် (အောက်တိုဘာလလယ်) ကပဲ အရစ်ကျနဲ့ဝယ် ထားတဲ့ဖုန်းတွေအကုန် လိုင်းပိတ်သွားလို့ဆိုင်မှာ သွားမေးတယ်။ ဖုန်းရဲ့ ကာလပေါက်ဈေးကိုပေးမယ် ဆိုရင် ဖုန်းလိုင်းပြန်ဖွင့်ပေးမယ်လို့ ပြောတယ်။ အဲဒီဖုန်းက ဆိုင်ကနေ အရစ်ကျနဲ့ဝယ်ထားပြီး တန်ဖိုးနည်း ဖုန်းချထားပေးတော့ ဆက်သွယ်ရေးကနေ အရစ်ကျတဲ့ဝယ်တဲ့သူတွေ ထပ်မသွင်းရတဲ့အချိန်ကစပြီး ကျွန်တော်တို့လည်းဆိုင်မှာ သွားထပ်မသွင်းတော့ဘူး။ ဖုန်းစာချုပ်လည်း မရသေးဘူး”ဟု ပြောသည်။
ပြင်ပမိုဘိုင်းဆိုင်များမှ အရစ်ကျရောင်းရာတွင် ဆက်သွယ်ရေးမှ ကျပ်နှစ်သိန်းဖြင့် ၀ယ်ယူပြီး ဈေးကွက် အတွင်း ပြန်ရောင်းချပေးခြင်းများရှိရာ ဆင်းမ်ကတ်တန်ဖိုးပြည့်သည်အထိ ပြန်လည်မပေးသွင်းသော ကြောင့် လိုင်းပိတ်ခြင်းဖြစ်နိုင်သည်ဟုလည်း ဈေးကွက်အတွင်းမှ သုံးသပ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာမှူးတစ်ဦးက “ဆက် သွယ်ရေးက အရစ်ကျနဲ့ဝယ်တဲ့သူတွေက ဆယ်သွယ်ရေးမန်နေဂျာရုံးမှာ စာချုပ်သွားထုတ်လို့ရတယ်။ ဒါပေမဲ့ ဆိုင်ကတော့ ဘယ်လိုပုံစံမျိုးလဲမသိဘူး။ တချို့ဆိုင်တွေက ဆက်သွယ်ရေးမှာ ကျပ်နှစ်သိန်းနဲ့ အပြတ်ဝယ်ပြီး ဈေးကွက်မှာ အရစ်ကျနဲ့ ပြန်ရောင်းတဲ့ပုံစံမျိုးတွေရှိနေတော့ ဖုန်းလိုင်းပိတ်လိုက်တာဖြစ် မယ်”ဟု ဆိုသည်။

Mr. Fone မိုဘိုင်းဖုန်းဆိုင်မှ မန်နေဂျာ တစ်ဦးကလည်း “တချို့မိုဘိုင်းဖုန်းဆိုင်တွေက ဆက်သွယ်ရေးမှာ ကျပ်နှစ်သိန်းနဲ့ဝယ်ပြီး သူတို့ဆိုင်က ဟန်းဆက်ရောင်းကောင်းအောင် ပရိုမိုးရှင်းနဲ့လုပ်တဲ့ပုံစံလည်းရှိ တယ်။ နောက်ဆက်သွယ်ရေးကနေ အရစ်ကျပုံစံနဲ့ ပြန်ရောင်းတာတွေလည်း အသီးသီးရှိတယ်”ဟု ပြောသည်။

ကျပ်နှစ်သိန်းတန်မိုဘိုင်းဖုန်းကို ၂၀၁၂ ခုနှစ် ဧပြီလက စတင်ချထားပေးခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းနှင့် ပူးပေါင်းလုပ်ကိုင်သည့် ပြည်တွင်းနည်းပညာကုမ္ပဏီအချို့ကပါ ခွဲဝေရောင်းချခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အစိုးရ၀န်ထမ်းများနှင့် ကျေးလက်နေပြည်သူအချို့ကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခဲ့သည်။

ထို့နောက် ၂၀၁၃ မေလမှ စတင်ကာ ကျပ် ၁၅၀၀ တန်ဖုန်းများ ချထားပေးလာခြင်းကြောင့် ဆက်သွယ် ရေးမှ အရစ်ကျဖြင့်ဝယ်ယူထားသူများ လက်ကျန်ပေးသွင်းရန်ကျန်ရှိနေသည့် ဆင်းမ်ကတ်တန်ဖိုးများကို ဆက်လက်မပေးသွင်းရတော့ခြင်းဖြစ်သည်။

No comments: