Thursday, October 31, 2013

လိုင်ဇာတိုင်းရင်းသားညီလာခံသို့ သမ္မတသ၀ဏ်လွှာပေးပို့

ကေဇင်ဦး

အောက်တိုဘာ ၃၀ တွင် လိုင်ဇာမြို့၌ကျင်းပသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က အောက်တိုဘာ ၂၉ ရက်စွဲဖြင့် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာတွင်အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များ၊ သဘောတူညီချက် များနှင့် ရှေ့တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်ခြင်းသည် နိုင်ငံအတွင်းငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲခြင်း သဘောတူညီချက် လက် မှတ်ရေးထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ချမှတ်နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်တို့အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ကြောင်းပါဝင်သည်။

၎င်းအပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံးက စည်းလုံးညီ ညွတ်စွာဖြင့် လက်တွဲဆောင်ရွက်မှသာအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု ယုံကြည် ကြောင်းကိုလည်း ထည့်သွင်းရေးသားထားသည်။

ယင်းသို့ သ၀ဏ်လွှာပေးပို့ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေးက “သမ္မတကြီး ပြောတာပြည့်စုံပါတယ်၏ ကျွန်တော်တို့ဘက်ကလည်း ဒီအတိုင်းမျှော်လင့်ပါတယ်”ဟု မဇ္ဈိမသို့ ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဌာနချုပ်ဖြစ်သောလိုင်ဇာတွင် ယင်းကဲ့သို့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေး ကျင်းပခြင်းသည် ပထမအကြိမ်ကျင်းပခြင်း ဖြစ်သည်။ ယင်း အစည်းအဝေးသည် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးမီတိုင်းရင်းသား လက်နက်ကိုင်များ အားလုံးကြိုတင်ပြင်ဆင်သည့်အနေဖြင့် KIO က ကမကထလုပ် ကာဆွေးနွေးမည့်ဆွေးနွေးပွဲလည်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်တွင် စတင်ကျင်းပခဲ့ပြီး ညီညွတ်သောတိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီ UNFC ၊မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်မတော် (SSPP/SSA)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ ကရင်အမျိုးသား အစည်း အရုံး၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော် (RCSS/SSA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC) စသောတိုင်းရင်းသားအဖွဲ့များ တက်ရောက်လျက်ရှိသည်။

No comments: