Tuesday, October 29, 2013

ဖွဲ့စည်းပုံ မပြင်ရင် စစ်တပ်က နိုင်ငံရေး၊ စီးပွားရေးနဲ့ အခြားကဏ္ဍတွေမှာ အခွင့်ထူးခံ ဖြစ်နေမှာပဲလို့ ဒေါ်စုပြော

ခွန်ဘသာ

အီတလီနိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၂၈ ရက်နေ့မှာ ဖွဲ့စည်းပုံကို မပြင်ဘူးဆိုရင် စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ တခြားအရေးကြီးတဲ့ ကဏ္ဍတွေမှာ အခွင့်ထူးခံ ဖြစ်နေဦးမှာပဲလို့ အီတလီနိုင်ငံခြားရေးဝန်ကြီး မစ္စစ် အမ်မာဘိုနီနိုနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန်မှာ ပြောကြား လိုက်တာ ဖြစ်ပါတယ်။

အကယ်လို့ ဒီ ဖွဲ့စည်းပုံကို မပြင်ဘူးဆိုရင်လည်း စစ်တပ်က နိုင်ငံရေးမှာကော တခြားအရေးကြီးတဲ့ကဏ္ဍတွေမှာ သာမက စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးမှာပါ အခွင့်ထူးခံ အဆင့်မှာ ဆက်ရှိနေမှာ ဖြစ်သလို၊ ခိုင်မာတဲ့ ဒီမိုကရေစီအခွင့်အရေး ဖြစ်မှာမဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တဆက်တည်းမှာဘဲ ဒေါ်အောင်ဆန်းစုကြည်က ပတ်ဝန်းကျင်မှာ တယောက်နဲ့ တယောက် အပြစ်တင် ရှုတ်ချနေကြတဲ့အပေါ်မှာ အရုံစိုက်နေကြမယ်ဆိုရင် အကြောက်တရား ဟာ ပျောက်သွားမှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ အားလုံးကိုတော့ ရှုတ်ချပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါအပြင် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီး ဖန်တီးနိုင်ဖို့အတွက် အတူတကွ လက်တွဲ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နဲ့ ဗာတီကန်နန်းတော်မှာ တွေ့ဆုံချိန် ပြောကြားလိုက်ပါတယ်။

အမုန်းတရားနဲ့ အကြောက်တရားကြောင့် လူ့ ရှင်သန်ခြင်းကို ကျဆင်းမှုတွေ ဖြစ်စေတယ်လို့ ပုပ်ရဟန်းမင်းကြီး မိန့်သွားတဲ့အချက်ကို သူ့အနေနဲ့ သိပ်ကို သဘောတူပါတယ်။ အမုန်းတရားနဲ့ အကြောက်တရားတွေဟာဆိုရင် လူသားတွေရဲ့ ယုံကြည်ချက်တွေကိုလည်း ကျဆင်းစေပါတယ်။

အပြုသဘောဆောင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုတွေဖြင့် တည်ဆောက်ယူဖို့ လိုအပ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်ဖို့အတွက် အတူတကွ လက်တွဲ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီ တွေ့ဆုံပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က တိုင်းပြည်အတွင်း ဘာသာမတူသူတွေ အကြား အပြန်အလှန် ဆွေးနွေးနိုင်ဖို့အတွက် ဆုတောင်းပေးတယ်လို့ ပြောကြားခဲ့တဲ့အကြောင်း ဗာတီကန်ရှိ ရိုမန်ကတ်သလစ်ကျောင်းတော်ကလည်း မြန်မာနိုင်ငံသားတွေကို မခွဲခြားဘဲ ၀တ်ပြု ဆုတောင်းတာတွေ ပြုလုပ်နေတဲ့အကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားနေတဲ့အချိန်မှာ ပုပ်ရဟန်းမင်းကြီးနဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အီတလီနိုင်ငံ ခရီးစဉ်မှာ အီတလီနိုင်ငံရဲ့ သမ္မတနဲ့ ၀န်ကြီးချုပ်တို့ကို တွေ့ဆုံခဲ့ပါတယ်။

No comments: