Wednesday, October 30, 2013

ကင်တားနား၏ လူ့အခွင့်အရေး အစီရင်ခံစာမှာလက်ခံနိုင်ရန်ခက်ခဲသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်အပြင်းအထန်ဝေဖန်

ဟင်္သာနီ (မွန်မြေ)

ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကင်တားနား၏ “မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာ” ပါ အကြောင်းအရာများသည် သဘောတူလက်ခံနိုင်ရန် ခက်ခဲ ကြောင်း ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင်က အောက်တိုဘာလ ၂၄ ရက်တွင် တုံ့ပြန်ပြောဆိုခဲ့သည်။

ယင်းသို့ တုံ့ပြန်ရာတွင် အောက်တိုဘာလ ၂၄ ရက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ နှုတ်တိုက်တင် သွင်း၍ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဦးကျော်တင်က “အကျိုးကိုမြင်တာထက် အပြစ်ကိုမြင်ပြီးရေးထားသလို သုံးသပ်ရတယ်၊ ကျွန်တော်တို့ နားလည်တာက အပြစ်မြင်ချဉ်းကပ်တွေ့ရှိခြင်းမျိုးနဲ့ လူ့အခွင့်အရေးဆိုင်ရာစံညွှန်းတစ်ခုကို ရည်ရွယ်ရေး သားထားသလိုဖြစ်နေတယ်”ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပနေသည့် ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သို့ တင်သွင်းထားသည့် မစ္စတာကင်းတားနား၏ အစီရင်ခံစာသည် မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အခြေအနေရပ်များနှင့် စပ်လျဉ်း၍ တွေ့ရှိချက်အထောက်အထားများကို စာမျက်နှာ ၂၃ မျက်နှာဖြင့် ရေးသားတင်ပြထား ခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေး အခြေအနေများအား အဓိကရေးသားထောက်ပြ ထားသည့်အပြင် အခြားလူ့အခွင့်အရေးနှင့်ဆက်စပ်သည့် အခြေအနေများဖြစ်သည့် နိုင်ငံရေးအကျဉ်း သားများကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် ခံဝန်ချက်ထိုးရသည့် ပုဒ်မ (၄၀၁) (က) (ဂ) (ဃ) တို့အား ကျန်ရှိ ပြစ်ဒဏ်များပြန်လည်ကျခံရန်ရှိသည့်အပေါ် မစ္စတာကင်တားနားက ဝေဖန်ထောက်ပြထားသည်။

သို့သော်လည်း သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းအတွင်း ၂၀၁၁ မေလမှစ၍ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ၁၁ ကြိမ်ဖြင့် အကျဉ်းသား ၉၅၁ တို့အား လွှတ်ပေးခဲ့သည့်အပေါ် ကြိုဆိုကြောင်းလည်း ယင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

သို့သော်လည်း မစ္စတာကင်တားနား၏ တွေ့ရှိချက်များမှာ တစ်ဖက်သတ်တွေ့ရှိချက်များဖြစ်ကာ မြန်မာ နိုင်ငံအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ရှာဖွေတွေ့ရှိချက်များ၊ လုပ်ဆောင်နေမှုများကို အစီရင်ခံရန် ပျက် ကွက်ခဲ့ကြောင်း ဦးကျော်တင်က တုံ့ပြန်ပြောဆိုခဲ့သည်။

မစ္စတာကင်တားနားကမူ ၎င်းတွေ့ရှိချက်များမှာ အောက်ခြေ၌ဖြစ်ပေါ်နေသည့် ဖြစ်ရပ်အခြေအနေမှန် များအားမိမိတတ်စွမ်းသရွေ့ ရှာဖွေတွေ့ရှိထားသည်များမှ နိုင်ငံတကာအသိုင်းအ၀ိုင်း ခေါင်းဆောင်များ သို့ အချက်အလက်အခြေပြု ဆုံးဖြတ်ချက်ချနိုင်ရေး (Inform-Decision Making) ချမှတ်နိုင်ရန်အတွက် တင်ပြထားခြင်း ဖြစ်ကြောင်း ၎င်းရက်၌ပင် ကုလသမဂ္ဂ၌ ထုတ်ပြန်ချက်ထုတ်၍ ပြောကြားထားသည်။

ထိုတွေ့ရှိချက်များကိုအခြေပြု စဉ်းစားကာလာမည့် နိုဝင်ဘာလ၌ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ဆိုင်ရာကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်သဘောထားကို ချမှတ်မည်ဖြစ်ကာ၎င်းအတွက် အထွေထွေညီလာခံ ၌ကြားနာနေခြင်းဖြစ်သည်။

မစ္စတာကင်းတားနား၏ တွေ့ရှိချက်များသည် မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အခြေအနေရပ်များနှင့် စပ်လျဉ်း၍အား ကောင်းစွာထောက်ပြထားသည့် အစီရင်ခံစာတစ်စောင်ဖြစ်ကာ ၎င်းအပေါ် နိုင်ငံတကာ ခေါင်းဆောင်များမှ ဂရုတစိုက်လေ့လာသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှဒေသ လက်ထောက် ဒါရိုက်တာဖီးလ်ရော်ဘင်ဆန်မှ အောက်တိုဘာ ၂၄ ရက်တွင် မဇ္ဈိမသတင်းဌာနသို့ ပြော ကြားထားသည်။

မစ္စတာကင်တားနား အစီရင်ခံစာပါတင်ပြတွေ့ရှိချက်များအနက်မှ မြန်မာနိုင်ငံအစိုးရအနေဖြင့် အပြု သဘောဆောင်သော အကြံပြုချက်၊ လေ့လာတွေ့ရှိချက်များနှင့် လက်တွေ့အခြေအနေရပ်များနှင့် သဟဇာတဖြစ်မည့်အချက်များ၊ မြန်မာ့ ပြည်တွင်းရေးနှင့် အချုပ်အခြာအာဏာကို ထိပါးမှုမရှိသော အချက်များနှင့် ယခု မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များအား ထိခိုက်မှုမရှိစေသည့်အချက် များအား လက်ခံသွားမည်ဖြစ်ကြောင်း ဦးကျော်တင်က ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်၌ ပြောကြား ထားသည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် မစ္စတာကင်တားနား၏ရာထူး သက်တမ်းမှာ (၆)နှစ် ဖြစ်ပြီး လာမည့်နှစ်မတ်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်သစ်တစ်ဦးကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၄ ခုနှစ် မတ် လတွင် ထပ်မံခန့်အပ်ရမည်ဖြစ်သည်။

၂၀၁၁ ခုနှစ်နောက်ပိုင်း ဦးသိန်းစိန်အစိုးရသစ်၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံသို့ ရှစ်ကြိမ်လာရောက်ခဲ့ပြီးဖြစ်ကာ ၎င်း၏နောက်ဆုံးခရီးစဉ်မှာပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်၌ဖြစ်ကာ ၎င်းခရီးစဉ်မှတွေ့ရှိချက်များကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာအဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံအား တင်သွင်းထားခြင်းဖြစ်သည်။

No comments: