Tuesday, October 29, 2013

အစိုးရနှင့် KIO တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ ဒုက္ခသည်များအတွက် စားဝတ်နေရေး ခက်ခဲလာ

ဖနိဒါ

ဗန်းမော်ခရိုင် မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာအနီး အစိုးရ၏တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာ ၂၇ ရက်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ပြေးဒုက္ခသည်များအတွက် စားဝတ်နေရေး ခက်ခဲလာဖွယ်ရှိသည်ဟု KIA တပ်မဟာ ၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ဂျွန်းအောင်က မဇ္ဈိမ ကိုပြောသည်။

ထိုဒေသတွင် အစိုးရတပ်ရင်း သုံးရင်းမှ အင်အား ၃၀၀ ကျော် နမ်းလမင်းပါ ကျေးရွာ၏ မြောက်ဘက် စဂနမ်ခွမ်တွင် လှုပ်ရှားနေသဖြင့် အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

“အစိုးရစစ်တပ်က လှုပ်ရှားလာလို့ ကျွန်တော်တို့ဘက်က ပျောက်ကျားပုံစံ သွားပစ်တာ။ မနေ့ (အောက်တို ဘာ ၂၆) ကလည်း တိုက်ပွဲဖြစ်တယ်။ ဒီရက်ပိုင်းက သူတို့ အစိုးရနဲ့ နီးနီးကပ်ကပ် ရှိနေတော့ သူတို့ ပစ်လိုက်၊ ကျွန်တော်တို့ဘက်က ပစ်လိုက်ပဲ။ အစိုးရဘက်က လက်နက်ကြီးတွေ ပစ်တယ်” ဟု ဒု- ဗိုလ်မှူးဂျွန်းအောင်က မဇ္ဈိမကိုပြောသည်။

ထိုတိုက်ပွဲများကြောင့် မန်စီမြို့နယ် မိုင်းခေါင်၊ မုန်းဒိန်ပါ၊ ကောင်ဂျာနှင့်နမ်လင်းပါ ကျေးရွာများမှ ရွာသားများ စစ်ပြေးဒုက္ခသည်များအဖြစ် တိုးမြင့်လာနေပြီး ရက်ရှည်တိုက်ပွဲ ဆက်လက်ဖြစ်ပွားလာပါက စားဝတ်နေရေး အခက်အခဲ ဖြစ်လာနိုင်ဖွယ် ရှိသည်” ဟု သူကပြောသည်။

“ရွာသားတွေက ဘယ်မှသွားလို့မရဘူး။ ရွာအပြင်သွားလို့လဲ မရဖြစ်နေတယ်။ အခု လောလောဆယ်တော့ ဒီဒုက္ခသည်တွေအတွက် ဗန်းမော်ဘက်က ကရုဏာကကူညီတဲ့ ဆန်အိတ်တွေ အခု ပြန်သယ်ယူဖို့ လုပ် တာ၊ အဲဒီမှာ စစ်တပ်ကရှိတော့ သယ်ယူလို့ မရဘူး ဆိုတော့ တခြားနည်းလမ်းနဲ့ သယ်ယူရတော့မယ်၊ ကြာလာရင်တော့ ခက်ခဲလာမယ်” ဟု ဒု-ဗိုလ်မှူးက ဆက်ပြောသည်။

အစိုးရတပ် ရောက်ရှိနေသော ကောင်ဂျာနှင့် မုန်းဒိန်ပါ ကျေးရွာများတွင် ကရုဏာ အဖွဲ့မှလှူဒါန်းထားသော ဆန်အိတ်ပေါင်း ၇၀၀ ကျော်အား သိုလှောင်ထားပြီး ဒုက္ခသည်များအတွက် ထိုဆန်အိတ်များ သွားသယ်ယူရန် ခက်ခဲနေခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်က ကောင်ဂျာကျေးရွာမှ စစ်ပြေးဒုက္ခသည် ၆၀ ကျော်ကို KIA က နမ်လင်းပါ ကျေးရွာ ဒုက္ခသည်စခန်းသို့ ခေါ်ယူလိုက်ပြီး မူလက နမ်းလင်းပါ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသူများနှင့် ရွာသားများ စုစုပေါင်း အနည်းဆုံး ၁၅၀၀ ထက်မနည်း ရှိနေသည်။ လတ်တလော ဒေသခံ ကျေးရွာသား များနှင့် စစ်ပြေးဒုက္ခသည်များသည် အပြင်ထွက်၍မရဘဲ ရက်ရှည်တိုက်ပွဲ ဆက်လက် ဖြစ်ပွားလာပါက စစ်ပြေးဒုက္ခသည်များ စားဝတ်နေရေး ပြတ်တောက်သွားဖွယ် ရှိသည်ဟုလည်း ဒု-ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်၏ အဖွဲ့ ၀င်တစ်ဦးဖြစ်သည့် ဒေါ်ခွန်ဂျာက စစ်ဘေး ဒုက္ခသည်များအတွက် ရိက်္ခာလိုအပ်လျက်ရှိ ပြီး အဆက်အသွယ်လည်း ပြတ်တောက်လျက်ရှိသည်ဟု ဆိုသည်။

“အဲ့လူတွေကလည်း တောထဲမှာ မနေ့တုန်းကတော့ ရာကျော်ပဲရှိတယ်။ အခုကတော့ တစ်ရွာပြီးတစ်ရွာ ထပ်သွားတော့ တစ်ထောင်ကျော်နေပြီ။ သူတို့ကလည်း ဆန်မရှိဘူး။ နမ့်လင်းပါကတော့ ရွာထဲကို မ၀င် သေးဘူး။ ပတ်ပတ်လည်ကို ၀ိုင်းထားတယ်။ အခု နမ့်လင်းပါနဲ့ဆို အဆက်အသွယ် ပြတ်နေတယ်။ လူ လည်းသွားလို့မရ၊ ဖုန်းလည်းဆက်လို့ မရဘူး။ အခုကဆန်လိုနေတာပေါ့။” ဟု ဒေါ်ခွန်ဂျာကပြောသည်။

ထို့ပြင် ယခုရက်ပိုင်း အစိုးရစစ်တပ်က မုန်းဒိန်ပါ၊ အောင်ဂျာနှင့် မခေါ်ယန်ကျေးရွာများမှ ရွာသား ၁၁ ဦး အား ဖမ်းဆီးသွားခဲ့ပြီး တချို့အား ပြန်လည်လွှတ်ပေးလိုက်သည်ဟု သိရသော်လည်း တချို့ကိုမူ ဆက် လက် ဖမ်းဆီးထားသည်ဟု ဆိုသည်။ယခုလ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီးနောက် KIA တပ်ရင်း ၁၂ နယ်မြေ အတွင်း အစိုးရဘက်မှစစ်တပ်က မန်းစီမြို့နယ်အတွင်း အင်အားတိုးမြှင့်ချလာ သဖြင့် ယနေ့ထိ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။ အစိုးရတပ်နှင့် KIO တို့ တိုက်ပွဲဖြစ်ပွားနေခြင်းအတွက် အစိုးရဘက်မှ တာဝန်ရှိသူများကို မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း အဖြေ မရခဲ့ပါ။

တိုက်ပွဲများဖြစ်ပွားရာတွင် အရပ်သားများ ထိခိုက်ရခြင်းအတွက် စိုးရိမ်မိသည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ထားပြီး တိုက်ပွဲများကြောင့် နမ်လင်းပါ ကျေးရွာမှ လူဦးရေ ၁,၂၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရသည်ဟုလည်း ခန့်မှန်းထားသည်။ KIO ထိန်းချုပ် နယ်မြေအတွင်း၌ ဒုက္ခသည်ပေါင်း ခုနစ်သောင်းခန့်ရှိနေပြီး ဌာနချုပ်ရှိရာ လိုင်ဇာမြို့အတွင်းတွင်ပင် ဒုက်္ခ သည် နှစ်သောင်းကျော်ရှိသည်ဟု ယုံကြည် ရသည်။

အစိုးရနှင့် KIO တို့ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ပစ်ခတ်နေမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။KIO မှ ဦးဆောင်ကျင်းပမည့် တိုင်းရင်းသား ထိပ်သီးညီလာခံကိုလည်း အောက်တိုဘာ ၂၉ မှ ၃၁ ရက်အထိ KIO ဌာနချုပ် လိုင်ဇာတွင် ပြုလုပ် ရန်ရှိနေသည်။

No comments: