Thursday, October 31, 2013

ပြည်မြို့နယ် ဇီးအုပ်ကျေးရွာအုပ်စုတွင်နေအိမ် ၈၄လုံးနှင့် လယ်ဧကတစ်ထောင်ကျော်ရေမြုပ်

ရေခဲ(ပြည်)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ဇီးအုပ်ကျေးရွာအုပ်စုတွင် မိုးရွာသွန်းချိန် “မတောင့်တ” ရေအရင်းမြစ် ဆည်မှ ရေထွက်ပေါက်အားနည်းသဖြင့် မတောင့်တကျေးရွာမှ နေအိမ် ၈၄လုံးနှင့် လယ်ဧကတစ်ထောင် ကျော်ရေမြုပ်ခဲ့ကြောင်း ဒေသခံရွာသားများက မဇ္ဈိမကိုပြောသည်။

အောက်တိုဘာလ၂၉ ရက် မွန်းလွဲ ၃ နာရီမှစကာဖြစ်ပွားခဲ့ပြီး ဇီးအုပ်ကျေးရွာအုပ်စု မတောင့်တကျေးရွာမှ နေအိမ် ၈၄လုံး၊ ကျေးရွာအနီးရှိ ဇီးအုပ်ကွင်း၊ နတ်တလင်းကွင်းမှ လယ်မြေဧက တစ်ထောင်ကျော်နှင့် စာ သင်ကျောင်းတစ်ကျောင်း ရေမြုပ်ခဲ့ခြင်းဖြစ်သည်။

“ရေတံခါး ရေအကုန်မဖွင့်ဘူး။ ရေတံခါးမှာ ဒိုက်တွေကပ်နေတယ်။ ဆည်နဲ့ ရေပိတ်ထားသလိုဖြစ်နေ တယ်။ ဒီဆည်က ရေသောက်ရတာလည်း မရှိဘူး။ ဆည်ရဲ့ သုံးပုံနှစ်ပုံလောက်က ချောင်းတစ်ဝက်သာ သာလောက် ဖြစ်နေတယ်”ဟု မတောင့်တကျေးရွာမှ မငယ်ငယ်ဆန်းက ပြောသည်။

နေအိမ်၊ စာသင်ကျောင်းနှင့် လယ်မြေများ အမြင့်ပေငါးပေခန့်အထိ ရေနစ်မြုပ်ခြင်းကြောင့် အောက်တိုဘာလ ၃၀ ရက်တွင် ကျေးရွာစာသင်ကျောင်းကို ပိတ်ထားရသည်။

လယ်မြေဧက တစ်ထောင်ကျော်အနက် မတောင့်တရေအရင်းအမြစ်ဆည်၏အရှေ့ဘက်ရှိ လယ်ဧက ငါးဆယ်ကျော်သည် ပျက်စီးဆုံးရှုံးနိုင်သည်ဟု မငယ်ငယ်ဆန်း ကပြောသည်။

“ပျက်မှာ သေချာတယ်။ အခုနေ မသိသေးဘူး။ တော်ကြာနုန်းခြောက်ကပ်ပြီး ပုပ်သွားမှာ”ဟု ၎င်းကဆို သည်။ ထို့အပြင် ကျန်းမာရေးမကောင်းသည့် သူမ၏မိခင်ကို တစ်ခြားရွာသို့ခေတ္တပြောင်းရွှေ့ထားရသည် ဟုဆိုသည်။

ဆည်မှ ရေထွက်ပေါက်အားနည်းသောကြောင့် ရေကြီးခြင်းဖြစ်ပြီး သက်ဆိုင်ရာသို့ စာတင်ထားကြောင်း ဇီးအုပ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောသည်။

“လယ်ကြား မြောင်းထပ်တူးပေးဖို့ တင်ထားတယ်။ ရေထုတ်နိုင်အောင်ပြွန်လုပ်ပေးဖို့ လိုမယ်။ ရေထွက် ပေါက်က သုံးပေလောက်ပဲရှိတော့ ရေမထွက်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ကျေးရွာ၌ သောက်ရေ၊ သုံးရေများ လိုအပ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

အဆိုပါဆည်ကို ၁၉၉၀ခုနှစ်ခန့်က ဆောက်လုပ်ခဲ့ပြီး နှစ်နှစ်တစ်ကြိမ် ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း ၂၀၁၁ ခုနှစ်ကလည်း ရေကြီးမှုဖြစ်ပွားခဲ့ပြီး လယ်ဧက ၁၃၀၀ကျော် ပျက်စီးခဲ့သည်။

No comments: