Monday, December 30, 2013

နိုင်ငံရေးဦးဆောင်ပါဝင်သူများကြား နိုင်ငံရေး သဘောတူညီမှု ရှိ၊ မရှိ ပြည်သူများသို့ ထုတ်ပြန်သင့်ဟု ဦးကိုကိုကြီး ဆို

ဝင်းကိုကိုလတ်၊ ဉဏ်လှိုင်လင်း

မြန်မာ့နိုင်ငံရေးဦးဆောင်သူ (stake holders)များကြား နိုင်ငံရေးအရ သဘောတူညီမှု ရှိ၊ မရှိအား ပြည် သူများအား ထုတ်ပြန်သင့်သည်ဟု ဒီဇင်ဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်တာကျင်းပမည့် မြန်မာ လူထုဖိုရမ် ပထမဆုံးရက်တွင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီးက သုံးသပ် ပြောဆိုလိုက်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမတိုင်မီအထိ နိုင်ငံရေးသဘောတူညီချက် မရှိခဲ့ကြောင်း၊ သို့သော် ဖြေလျှော့မှုဖြစ်စဉ်များကြောင့် Space(နေရာ)များရရှိလာသော်လည်း ယခုအချိန်အထိ နိုင်ငံရေးသဘော တူညီချက် ရှိလာခြင်း ရှိ၊ မရှိ သိရန်လိုအပ်သည်ဟု ၎င်းက ဆိုသည်။

“နိုင်ငံရေးသဘောတူညီချက် မရှိသေးရင်လည်း မရှိသေးဘူး။ ရှိရင်လည်း ဘယ်လောက်ရှိတယ်ဆိုတာ အရေးပါတဲ့ State Holders တွေ တာဝန်ရှိသူတွေက ပြည်သူကို အသိပေးဖို့ လိုပါတယ်”ဟု ဦးကိုကိုကြီး က ပြောသည်။

မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်း လူမှု အခြေပြုအဖွဲ့အစည်းများအနေဖြင့် အာဆီယံလူထုဖိုရမ်ကို အောင်မြင်စွာကျင်းပနိုင်ရန် မြန်မာလူထုဖိုရမ် ကို ကျင်းပခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်က “မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ရှုမြင်သုံးသပ်ခြင်း” ဆို သည့် ခေါင်းစဉ်ဖြင့် ဦးကိုကိုကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အရေးပါသည့် State Holders များကို ရည်ညွှန်းရာတွင် မည်သူများဖြစ်သည်ကိုဆိုသည်မူ ဦးကိုကိုကြီး က ပြောကြားခဲ့ခြင်းမရှိပေ။ ပြည်သူများအနေဖြင့် နိုင်ငံရေးနှင့်ပတ်သတ်သည့် မရေရာမှုများကို (Feeling of uncertainty) ခံစားနေရကြောင်း၊ အဆိုပါခံစားမှုမှတစ်ဆင့် စိုးရိမ်မှုများအဖြစ် (Feeling of anxiety) ဖြစ်လာတက်သည်ဟု ဦးကိုကိုကြီးက သတိပေး ပြောကြားသည်။

“တစ်ခုခုများဖြစ်လေမလား၊ ဘာများ ဖြစ်တော့မလဲဆိုတဲ့ မရေရာမှုကြီးဟာ ကျွန်တော်တို့ လူ့အဖွဲ့အ စည်းကို တော်တော် ဖိစီးပါတယ်။ ကျွန်တော်နဲ့နီးစပ်တဲ့ သိသလောက်ကတော့ ၂၀၁၄ ကို စိုးရိမ်သောက နဲ့ ရှုမြင်ကြပါတယ်”ဟု ၎င်းက ပြောသည်။

လူပုဂိ္ဂုလ်များ၊ အဖွဲ့အစည်းများသည် မလုံခြုံသည်ဟူသော ခံစားမှုမျိုးရှိလာပါက အကျိုးစီးပွား ကာကွယ် ရေးဘက်သို့ ရောက်ရှိသွားတက်သည်ဟုလည်း ၎င်းက ဆိုသည်။

“အဲဒါတွေက Reform Process (ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်)ကို ပြိုကျသွားနိုင်စေတဲ့အရာပါ”ဟု ၎င်းက ပြောသည်။

ယခင်စစ်အစိုးရဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည်၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲရလဒ်ဖြင့်၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ၎င်းသမ္မတအဖြစ် ဦးဆောင်သည့် အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့သော်လည်း မည့်သည့် နိုင်ငံရေးသဘောတူ ညီချက်များ ရှိသည်၊ မရှိသည်ကို နှစ်ဖက်စလုံးက မထုတ်ပြန်ခဲ့ပေ။

ယခင် စစ်အစိုးရလက်ထက်က တတိယမြောက် တပ်မတော်ခေါင်းဆောင်ဖြစ်ခဲ့သူ ယခု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းသည်လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသည်ဟု မြင်တွေ့နေရသော်လည်း ၎င်းတို့ကြား မည်သည်ကို အခြေခံသည့် သဘောတူညီချက်များ ရှိနေသည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ထို့ပြင် ဖွဲ့စည်းပုံဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတို့၌ ပါဝင်ပတ်သက်ခွင့် ရယူထားသည့် တပ်မတော်နှင့် အဆိုပါခေါင်းဆောင်များအကြား မည်သို့ဆက်ဆံရေးရှိသည်ကိုလည်း အများပြည်သူ သိခွင့်မရသေးပေ။ မကြာသေးမီက သမ္မတ၊ လွှတ်တော်နာယက၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးရန် အ တိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းခဲ့သေးသော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်။

No comments: