Monday, December 30, 2013

ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပြုချက် အနှစ်ချုပ်စာရင်း ဇန်န၀ါရီလဆန်း ထုတ်ပြန်မည်

ဟိန်းကိုစိုး

အများပြည်သူထံ ယခုလကုန် နောက်ဆုံးထား အကြံပြုစာတောင်းခံထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ရောက်ရှိလာသည့် အနှစ်ချုပ်စာရင်းကို ဇန်န၀ါရီလဆန်းပိုင်း ထုတ်ပြန်ပေးရန် စီစဉ်နေသည်ဟု ပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ဒီဇင်ဘာ၂၆ ရက် တွင် မဇ္ဈိမကို ပြောသည်။

“နှစ်ဆန်းပိုင်းမှာ ပူးပေါင်းကော်မတီရဲ့ ဒုတိယမြောက် အစီရင်ခံစာ ထုတ်ပြန်ဖို့ စီစဉ်နေတယ်။ အရေအ တွက် အတိအကျကိုတော့ အခု ထုတ်ပြောခွင့်မရှိဘူး”ဟု ဦးအေးမောက်က ဆိုသည်။ ယင်းသည် ပူး ပေါင်းကော်မတီ၏ ဒုတိယအကြိမ်ထုတ်ပြန်ချက် ဖြစ်လာမည်ဖြစ်သည်။ လက်ရှိတွင် ပထမအကြိမ်ထုတ် ပြန်ကြေညာချက် မတိုင်မီကာလကထက် အကြံပြုစာရောက်ရှိမှု ပိုမိုများပြားသည်ဟု ဆိုသည်။

ပထမအကြိမ်အဖြစ် ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အကြံပြုစာပေါင်း ၄၄၀ ကျော်ရှိပြီး အကြံပြုချက်ပေါင်း ၂၅၀၅ ချက် ရှိနေသည်။ နိုင်ငံတော်အခြေခံမူများနှင့် ပတ်သက်သည့် အကြံပြုချက် ၅၉၃ ချက်၊ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ၃၆ ချက်၊ နိုင်ငံတော်အကြီးအကဲနှင့် ပတ်သက် သည့် အကြံပြုချက် ၂၆၁ ချက်၊ ဥပဒေပြုရေးနှင့်ပတ်သက်၍ ၂၀၉ ချက် အကြံပြုထားခြင်း ဖြစ်သည်။

ယင်းတွင် တပ်မတော်နှင့်ပတ်သက်သည့် အကြံပြုချက်များ မပါဝင်သော်လည်း ထုတ်ပြန်ချက်မတိုင်မီ သုံးရက်ခန့်ကမူ ရောက်ရှိလာသည့် အကြံပြုစာများ၏ ထက်ဝက်ခန့်တွင် လွှတ်တော်များအတွင်း တပ်မ တော်သားပါဝင်မှု လျှော့ချရေးကိစ္စ ပါဝင်သည်ဟု ပူးပေါင်းကော်မတီလုပ်ငန်းများ ကူညီနေ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။

ပူးပေါင်းကော်မတီသို့ တပ်မတော်ဘက်ကလည်း အကြံပြုစာပေးပို့ခဲ့ပြိး အချက် ၁၅ ချက်ပါဝင်သည်ဟု ပြည်သူ့လွှတ်တော်အတွင်း ဥပဒေပြုရေးတာဝန် ထမ်းဆောင်နေသည့် ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦးက ဒီ ဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။ သို့သော် လွှတ်တော်တွင်း အင်အားအကြီးဆုံး ပါတီနှစ်ခု ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က မူ နောက်ဆုံးရက်နီးကပ်မှသာ အကြံပြုစာပို့ရန် စီစဉ်ထားကြသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ဒီဇင်ဘာ ၂၃ ရက် တွင် အကြံပြုစာပေးပို့ခဲ့ပြီး လက်ရှိဖွဲ့စည်းပုံပါ ရှေ့နောက်မညီညွတ်သည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင် ရန် နမူနာများ ဖော်ပြထားသည်။ တပ်မတော်ကို ပေးအပ်ထားသည့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို ပြည်သူသို့ ပြန်ပေးရန်လည်း ပါဝင်သည်။

No comments: