Friday, December 27, 2013

ဆန္ဒပြမှုကြောင့် ယာယီဓာတ်အားပေးစနစ်ဖြင့် ကျောက်ဖြူမဒေးကျွန်းကို မီးပေးမည်

ကေဇူး

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အကောင်အထည်ဖော်လျက်ရှိသည့် ကျောက်ဖြူမဒေးကျွန်း တွင် ဒေသခံများ၏ လျှပ်စစ်မီးရရှိရေး တောင်းဆိုမှုကြောင့် ယာယီလျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် လျှပ် စစ်ဖြန့်ဖြူးပေးမည်ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးက ဒီဇင်ဘာ ၂၅ ရက်တွင် မဇ္ဈိမ ကို ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် လျှပ်စစ်ဓာတ် မီးရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး နောက် ယင်းသို့ ဂစ်တာဘိုင်များတည်ကာ လျှပ်စစ်မီးပေးဝေရန် စီစဉ်ပေးခြင်းဖြစ်သည်။ ထိုသို့စီစဉ်ရာ တွင် ကျောက်ဖြူသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသည့် ဓာတ်ငွေ့များကို အသုံးပြုခြင်း မဟုတ်သေးဘဲ ယာယီဓာတ်အားပေးစနစ်ဖြင့်သာ စတင် ပေးဝေဦးမည် ဖြစ်သည်။

“ဓာတ်ဆီအင်ဂျင်တာဘိုင်တစ်လုံးနဲ့ မဒေးကျွန်းကို မီးပေးဖို့ စီစဉ်နေတာပါ။ ဓာတ်ငွေ့ပိုက်လိုင်းကရတဲ့ ဓာတ်ငွေ့နဲ့ မီးပေးဖို့က ၂၀၁၅ မှ ဖြစ်နိုင်မယ် ထင်ပါတယ်။ အခုက ဒေသက တောင်းဆိုတဲ့အတွက် ယာ ယီ စီစဉ်ပေးတဲ့သဘောပါ”ဟု ဦးကျော်သူစိုးက ဆိုသည်။

လျှပ်စစ်မီးရရှိရေးနှင့်ပတ်သက်၍ မဒေးကျွန်းဒေသမှ လျှပ်စစ်မီးရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပြည် နယ်အစိုးရထံတွင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သူ ဦးထွန်းကြည်က “မီးတိုင်တွေတော့ ထောင်ပေးနေ တယ်။ ဒါပေမဲ့ မီတာတပ်ဆင်ခက တစ်သိန်းကျော်ကျမယ်လို့ ပြောတဲ့အတွက် ဒေသခံတွေ အခက်အခဲ ဖြစ်နေတယ်”ဟု ဆိုသည်။

မဒေးကျွန်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်ရှိပြီး မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အကောင်အထည်ဖော်သည့်နေရာလည်း ဖြစ်သည်။ မဒေးကျွန်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း လေး ဆယ်ကျော်ရှိသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုတွင် ၁၆ မြို့နယ်မှာ ပုဂ္ဂလိက လျှပ်စစ်မီးကို မှီခိုနေရပြီး တစ်ယူနစ်လျှင် ပျမ်းမျှ ကျပ် ၅၀၀ ၀န်းကျင်ခန့် ရှိသည်။ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း ရခိုင်ပြည်နယ်၊ မဒေးကျွန်းမှ ၂၀၀၉ ခုနှစ် စတင်ခဲ့သည်။

No comments: