Monday, December 30, 2013

ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် သျှမ်းပုရပိုက် စာပေကွန်ဖရင့် ကျင်းပ

သျှမ်းသံတော်ဆင့်/စိုင်းလုံ

ပထမဆုံးအကြိမ် အဖြစ် သျှမ်းပုရပိုက် စာပေကွန်ဖရင့်ကို ရန်ကုန်မြို့တွင် ၂၇ ရက်နေ့က စတင် ကျင်းပခဲ့ ကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။

သျှမ်းပုရပိုက်စာပေကွန်ဖရင့်ပွဲကြီး ကို ရန်ကုန်မြို့ ကိုးမိုင်ရှိ အောင်မြေဘုံသာ (သျှမ်းကျောင်း) တွင် ယခု ဒီဇင်ဘာလ ၂၇ ရက် မှ ၂၉ ရက် အထိ ကျင်းပကြောင်း၊ သျှမ်းပြည်ရှိ ရှေးဟောင်း သျှမ်းပုရပိုက် ဓမ္မစာပေအထူးစိတ်ဝင်စားသူများအား ကြိုတင် ဖိတ် ကြား စားရင်းကောက်ထားကြောင်း ပွဲဖြစ်မြောက်ရေးတာဝန် ရှိ ဆရာတော်တစ်ပါး က သျှမ်းသံတော်ဆင့် အားမိန့်ကြားပါသည်။

“ ကွန်ဖရင့်ကို သျှမ်းပြည် အနယ်နယ်အရပ်ရပ်က သျှမ်းသံဃာတော် ၁၅၀ ပါးကျော် ၊ သျှမ်းစာဆိုတော် ၄၁ ဦး သျှမ်းပုရပိုက်စာပေ စိတ်ဝင်စားသူ ၁၀၀ ကျော်။ စုစုပေါင်း အယောက် ၃၀၀ ကျော်တက် ရောက် ကြတယ်။ ကွန်ဖရင့် ပွဲ တက်ရောက်လာ သူ တွေကို သျှမ်းစာဆိုတော် ရေးသားထားတဲ့ စာအုပ်တွေနဲ့ ဒီဗီဒီခွေတွေကို လက်ဆောင် ပေး တယ်” ဟု ၄င်းဆရာတော်မှ ဆက်မိန့် တော် မူပါသည်။

သျှမ်းပုရပိုက်စာပေကွန်ဖရင့် တွင် ပြည်တွင်းပြည်ပ သာသနာပြု သျှမ်းဆရာတော်ကြီးများ နှင့် နာမည်ကြီး သျှမ်း စာဆိုတော် များလည်း တက်ရောက်ကြကြောင်း၊ သျှမ်းမြောက် နမ့်ခမ်းဘက်မှ သျှမ်းစာဆိုတော် ၁၀ ဦးလည်း တက်ရောက်ကြောင်း ကွန်ဖရင့်ပွဲ လေ့လာသူအဖြစ်တက်ရောက်သည့် နမ့်ခမ်းမြို့ မှ စိုင်းပီးက ပြောသည်။

“ ကျနော် သိသလောက် တက်ရောက်လာတဲ့ သျှမ်းဆရာတော်တွေကတော့ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်က ဆရာတော် အရှင် ဘဒ္ဒ န္တ ဒေါက်တာ စဝ်ဓမ္မသာမိ ၊ မူစယ် လွယ်တိန်ခမ်းဆရာတော် စဝ်ဆုခမ်း တို့နဲ့ ရန်ကုန်မြို့က ဒေါက်တာလုံး စိုင်းအောင် ထွန်း၊ မူစယ်က သျှမ်းစာဆိုတော် ဆန်ယီအွမ် ၊ ကျိုင်းတုံက သျှမ်းစာဆိုတော် စာရေးလှထွန်း တို့ ကွန်ဖရင့် ပွဲ မှာ တက်ရောက်လာတာတွေ့ရတယ် ” ဟု ၄င်းကဆိုသည်။

သျှမ်းပုရပိုက်စာပေကွန်ဖရင့်ကျင်းပရခြင်း အဓိကရည်ရွယ်ချက်မှာ မိမိထံမှ ဗဟုသုတများ တခြားသူ အားမျှ ဝေပေးပြီး တခြားသူထံမှ ဗဟုသုတအား မျှဝေယူရန်ုဖြစ်ကြောင်းနှင့် ၁- သျှမ်းသံဃာတော်များ မိဘဘိုးစဉ် ဘောင်ဆက် သမိုင်းအမွေအနှစ် စာပေ ယဉ်ကျေးမှုအကြောင်း လေ့လာသိရှိနားလည်ရန်၊ ၂- သျှမ်းစာပေ ပုရပိုက်ဝါသနာရှင်များ အချင်းချင်းတွေ့ဆုံပြီးဗဟုသုတ ဖလှယ်နိုင်ရန်နှင့် ၃- ဗုဒ္ဓ သာသနာနှင့် စာပေယဉ်ကျေးမှုကိုထိန်းသိမ်းမြင့်တင်သွားရန် ရည်ရွယ်ကြောင်း ညီလာခံတက်ရောက်သူ သံဃာတော်များက ပြန်လည်ပြောပြပါသည်။

No comments: