Saturday, December 28, 2013

နာမည်ကြီး ပုဂ္ဂလိကကျောင်း ကလေးငယ်ထိခိုက်မှုအတွက် တာဝန်ယူမှုမရှိဟု စွပ်စွဲ

ဇော်ဇော်ထွေး

ကျောင်းအတွင်း ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုအတွက် လုံလောက်သော တာဝန်ယူဆောင် ရွက်မှုကို Horizon ပုဂ္ဂလိကကျောင်းက ပျက်ကွက်ခဲ့သည်ဟု ကာယကံရှင် မိသားစုက ဒီဇင်ဘာ ၂၅ တွင် မီဒီယာများသို့ အသိပေးပြောဆိုလိုက်သည်။

လွန်ခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်က ဖြစ်ပွားခဲ့သည့် ကျောင်းအတွင်း ကလေးတစ်ဦး မတော်တဆမှုတစ်ခု တွင် ကျောင်းကတာဝန်ယူဆောင်ရွက်ပေးမှုအပေါ် ကျေနပ်မှုမရှိသည့်အတွက် အလုံလမ်း jasper house ကော်ဖီဆိုင်တွင် သတင်းမီဒီယာများဖြင့် တွေ့ဆုံပြီး အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ် သည်။

“ကလေးထိခိုက်ခဲ့မှုအတွက် အကျိုးအသင့်အကြောင်းသင့် ရှင်းမပြကြဘူး၊ ပြီးတော့ သူတို့ပြောထားတဲ့ ဆေးဝါးကုသစောင့်ရှောက်မှု အပြည့်အ၀မရဘူး၊ တာဝန်ယူဖြေရှင်းဆောင်ရွက်မှု မရှိတဲ့အပြင် ကလေး ထိခိုက်တာကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ဒီဖြစ်စဉ်တွေကြောင့် ဒီကျောင်းအပေါ် ယုံကြည်မှု လျော့နည်းသွားပါပြီ” ဟု ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးသန့်စင်က ပြောသည်။

ဖြစ်စဉ်တွင် အသက်သုံးနှစ်ကျော်အရွယ်ရှိ သမီးငယ်ဖြစ်သူမှာ ကျောင်းတွင် မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ရာတွင် ကျောင်းဘက်ကမိဘများသို့ ခြေချော်လဲသဖြင့် ထိခိုက်မိကြောင်း သာမန် အတိုင်းသာ ဆက်သွယ်ပြောဆိုခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် ထိခိုက်ဒဏ်ရာရရှိမှုများအတွက် သူနာပြုတစ်ဦးထားရှိပြီး ပြုစုကုသမှုပေးသည်ဟု ကတိပြု ထားသော်လည်း သူနာပြုဆရာမ မရှိဘဲ ဆရာမကသာလျှင် အနာအားရေဆေးကာ ဘီတာဒိုင်းဆေး ရည်သာ လိမ်းပေးခဲ့ခြင်းဖြစ်သည်ဟုလည်း ကာယကံရှင်မိသားစုဝင်များက ပြောသည်။

အဆိုပါ ကလေးငယ်မှာ ကျောင်းက စားကွင်းလျောပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရှိရသော်လည်း မည်ကဲ့သို့ပြုတ်ကျခဲ့ကြောင်းကိုပင် ရှင်းပြနိုင်မှုမရှိကြောင်းနှင့် ကလေးငယ်၏ ညာဘက်မျက်ခုံးစွန်း တောင့်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းလည်းဖြစ်သည်။

“ကလေးငယ်တစ်ယောက် ဒီလိုဖြစ်ခဲ့တာတောင် အတန်းပိုင်ဆရာမက ထားပစ်ခဲ့ပြီး အစည်းအဝေးသွား တယ်။ ပြီးတော့ ဘယ်လိုဖြစ်ခဲ့တာတောင် တိတိပပမရှင်းပြနိုင်ခဲ့ဘူး၊ သူနာပြုဆရာမကလည်း ဒီနှစ် အတွက် မခန့်ထားရသေးဘူးတဲ့။ ဒါဆိုရင် ကလေးငယ်ကို သူ့တို့ပြောခဲ့တဲ့ သတ်မှတ်ချက်တွေအတိုင်း သေချာကြည့်ရှုစောင့်ရှောက်ပေးမှု မရှိခဲ့ဘူးဆိုတာ တွေ့နေရတယ်” ဟု ကာယကံရှင်မိသားစုနှင့် ဆွေ မျိုးတော်စပ်သည့် ကိုဖြိုးက ပြောသည်။

အတန်းတစ်တန်းတွင် သင်ကြားရေး ဆရာမတစ်ဦး၊ အကူဆရာမ တစ်ဦး၊ လက်မှတ်ရ သူနာပြုတစ်ဦး ဖြင့် ကလေးငယ်များအား အမြဲတာဝန်ယူစောင့်ရှောက်မှု ပြုပေးသည်ဟု ကျောင်းဘက်မှ ကတိပြုထား သည်။

အဆိုပါ ကျောင်းတွင် ကလေးငယ်တစ်ဦးအတွက် နွေရာသီအတန်းချိန်နှင့် တစ်နှစ်စာ စာသင်နှစ်ပေါင်း ကုန်ကျ စာရိတ်မှာ ကျပ် ၄၅ သိန်းမှ သိန်း ၅၀ အထိ ကုန်ကျသည်ဟု သိရသည်။

အထက်ပါ အကြောင်းအရာများမှာ ကာယကံရှင်မိသားစုဘက်မှ ပြောကြားချက်များသာဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် ပြည်လမ်း၊ ခြောက်မိုင်ခွဲ၊ ရွှေဟင်္သာလမ်းရှိHorizon ကျောင်းသို့ ဆက်သွယ်ခဲ့ရာ တွင် ဖုန်းကိုင်ဖြေကြားမည့်သူမရှိခဲ့ပေ။

No comments: