Friday, December 27, 2013

မောင်ကိန်းရွှေဆိုင်ကို ဓားပြ၀င်တိုက်

အောင်ကိုဦး၊ မျိုးသန့်၊ ဖြိုး

မန္တလေးတိုင်းတွင် တစ်ပတ်တွင်း နှစ်ကြိမ်မြောက်ဖြစ်ပွား

မိတ်္ထီလာမြို့ အင်းဝဘဏ်အနုကြမ်းစီးမှုဖြစ်ပွားအပြီး တစ်ပတ်အကြာတွင် မန္တလေးမြို့လယ်ခေါင်ရှိ မောင် ကိန်းရွှေဆိုင်ကို သေနတ်ပစ်ဖောက် ဓားပြတိုက်မှုတစ်ခု ဒီဇင်ဘာ ၂၄ ရက်က ထပ်မံဖြစ်ပွားခဲ့ရာ အဆိုပါ ဓားပြမှုသည် မန္တလေးတိုင်း၌ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၂၄ ရက် ညနေ ၆ နာရီခန့်တွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ မောင်ကိန်းရွှေဆိုင်အတွင်းသို့ အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးမှ အီတလီနိုင်ငံ လုပ် ပစ္စတိုသေနတ်နှင့် တူတစ်ချောင်းကိုင်ကာ ၀င်ရောက်ပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်ပစ္စည်း များ လုယက်ခဲ့ခြင်းဖြစ်သည်။

“ဆိုင်ထဲဝင်လာလာချင်း သေနတ်ဖောက်ပြီး အားလုံးမလှုပ်နဲ့လို့ပြောတယ်။ ကောင်တာတွေကိုလည်း သေနတ်နဲ့ပစ်တယ်။ သေနတ်ဒင်နဲ့လည်း ရိုက်ခွဲတယ်။ ပြီးတော့ ပစ္စည်းတွေ သူ့အိတ်ထဲကိုထည့်တယ်။ ကျွန်မတို့လည်းကြောက်လို့ အောက်ဝပ်နေရတယ်”ဟု အဆိုပါဆိုင်ရှိ အမျိုးသမီးဝန်ထမ်းတစ်ဦးက ပြော သည်။

ဆိုင်အတွင်း၌ သေနတ် ငါးချက် ပစ်ဖောက်ကာ၊ အပြင်ထွက်ခွာသွားစဉ် လမ်းပေါ်၌ သုံးချက် ဆက်လက် ပစ်ဖောက်ခဲ့သေးသည်ဟု ဆိုသည်။ ဆိုင်မှအထွက်တွင် ဆိုင်ပြင်တွင်ရပ်ထားသည့် ၎င်းစီးလာသောဆိုင် ကယ် (နံပါတ်မပါ လော်ဂျာအမျိုးအစား ဆိုင်ကယ်) ပေါ်တက်ကာ ထွက်ပြေးရန်ကြိုးစားစဉ် ဆိုင်၏ယာဉ် မောင်းဖြစ်သူ ကိုအာကာက ၀င်ရောက် လုံးထွေးဖမ်းဆီးခဲ့သည်ဟု မောင်ကိန်းရွှေဆိုင်မှ ၀န်ထမ်း ကို အောင်ကိုကိုလွင်က ဖြစ်စဉ်ကို ပြောသည်။

ယင်းလုယက်မှုတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ၀င်ရောက်လုံးထွေးဖမ်းဆီးသူ ယာဉ်မောင်းတွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည့်အပြင် လမ်းသွားလမ်းလာတစ်ဦးဖြစ်သူ အသက် ၅၂ နှစ်အရွယ်ရှိ ဦးကံ ညွန့်မှာ ကျည်ထိမှန်မှုကြောင့် ယာဘက်ဒူးခေါင်း ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိ ရှိရသည်။

လုယက်သူမှာ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားသည့်အပြင် သတိမေ့နေသဖြင့် ဆေးရုံသို့ ပို့ဆောင်ထား သည်ဟု ဆိုသည်။ အဆိုပါဖြစ်စဉ်အား နယ်မြေခံ အမှတ်(၈) မြို့မရဲစခန်းမှ အရေးယူ ဖမ်းဆီးထားခဲ့ပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီဖြစ်ကာ လတ်တလောအခြေအနေအရ ဆုံးရှုံးမှုတန် ဖိုး ၁၀ သိန်းကျော် သတ်မှတ်ထားသည်။

No comments: