Monday, December 30, 2013

အစိုးရငြိမ်းအဖွဲ့ တိုင်းရင်းသား တွေနဲ့တွေ့

ABC

တပြည်လုံး ​အပစ်အခတ်ရပ်စဲရေး ​သဘောတူ ​စာချူပ် ​နဲ့ပတ်သက်ပြီး ​ပြည်ထောင်စု ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​လုပ်ငန်း ​ကော်မတီ ​UPWC ​အဖွဲ့ဟာ ​တိုင်းရင်းသား ​လက်နက်ကိုင် ​ခေါင်းဆောင်တွေနဲ့ ​ဖွဲ့စည်းထားတဲ့ ​တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲရေးဆိုင်ရာ ​ညှိနှိုင်းရေးအဖွဲ့ ​NCCT ​က ​ခေါင်းဆောင်တို့ကို ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​တွေ့ဆုံခဲ့ကြပါတယ်။

ဒီဇင်ဘာ ​၂၉ ​ရက်နေ့က ​ပြုလုပ်ခဲ့တဲ့ ​တွေ့ဆုံဆွေးနွေးပွဲအတွင်း ​ကချင်ပြည်နယ် ​KIO ​ဌာနချူပ်လိုင်ဇာမြို့မှာ ​တိုင်းရင်းသား ​ခေါင်းဆောင်တွေသဘောတူညီချက် ​မူကြမ်း ​၁၁ ​ချက် ​နဲ့ ​အစိုးရဖက်က ​မြစ်ကြီးနားတွေ့ ​ဆုံဆွေးနွေးပွဲမှာ ​ပေးအပ်ခဲ့တဲ့ ​အခန်း ​၁၄ ​ခန်းပါ ​အပစ်အခတ်ရပ်စဲရေး ​မူကြမ်းကို ​တူညီတာတွေ ​ပေါင်းလိုက်ပြီး ​ပြင်ဆင် ​ဖြည့်စွတ်ဖို့ ​လိုအပ်တာတွေကို ​အဓိက ​ဆွေးနွေးခဲ့ကြတာ ​ဖြစ်ပါတယ်။

ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ ​NCCT ​အဖွဲ့ခေါင်းဆောင် ​ဦးနိုင်ဟံသာ ​က ​သတင်းထောက်တွေကို ​အခုလို ​ပြောပါတယ်။

“တစ်ပြည်လုံး ​အပစ်အခတ်ရပ်စဲရေး ​အတွက်ပေါ့လေ ​နောက်ဆုံးမှာတော့ ​စာတစောင်ထဲထွက်အောင် ​အဲဒါကို ​ညှိကြတာပါ။ ​သဘောတူညီချက်ထဲမှာကတော့ ​အစုံပါပါတယ်။ ​တချို့ဟာတွေကို ​ဥပမာ ​ပြည်ထောင်စု ​တပ်မတော် ​ဖွဲ့စည်းရေးကို ​တကယ့်နိုင်ငံရေးဖွဲ့စည်းရေးမှာ ​ကျနော်တို့ ​ပို့လိုက်မယ် ​နောက်ပြီးတော့ ​ဖွဲ့စည်းတဲ့အခါကျရင် ​ဒီလုပ်ငန်းစဉ်တွေ ​Frame ​Work ​ဆွဲတဲ့အခါကျတော့ ​အဲဒီအခါမှာတော့ ​ညှိနှိုင်းပါဝင်ထည့်သွင်းကြဖို့ပေါ့လေ ​အဲဒီလိုညှိနှိုင်းကြပါတယ်။”


ဖားအံအစည်းအဝေးမတိုင်မှီ ​ဇန္န၀ါရီလ ​၁၀ ​ရက်နေ့မှာ ​ရန်ကုန်မြို့မှာ ​ထပ်မံတွေ့ဆုံဆွေးနွေး ​သွားကြဖို့ ​ရှိတယ်လို့လည်း ​UPWC ​အဖွဲ့ခေါင်းဆောင် ​၀န်ကြီး ​ဦးအောင်မင်း ​က ​ပြောပါတယ်။

“အားလုံးက ​လမ်းကြောင်းတစ်ခုတည်းပေါ်ရောက်နေတယ်လို့ ​ကျနော်တို့ ​ပြောလို့ရတာပေါ့နော်၊ ​ဖားအံ ​အစည်းအဝေးကြရင်တော့ ​ဒါ ​Finalised ​ပေါ့။ ​ဖားအံ ​မှာက ​ကျနော်တို့ ​လက်မှတ်ထိုးဖို့ ​ရက်ကို ​ရအောင် ​အဲ့ဒီမှာ ​သတ်မှတ်နိုင်တယ်လို့ ​ကျနော်တို့ ​ယူဆပါတယ်။ ​ဖားအံ ​အစည်းအဝေးကိုလည်း ​ဇန္န၀ါရီလ ​၂၄ ​- ​၂၅ ​လောက်မှာ ​လုပ်ဖို့ ​ဆိုပြီးတော့ ​ကျနော်တို့က ​အခု ​ဒီအစည်းအဝေးကပဲ ​ဆုံးဖြတ်ထားပါတယ်။”

ဝန်ကြီး ​ဦးအောင်မင်း ​ခေါင်းဆောင်တဲ့အဖွဲ့ဟာ ​ဒီကနေ့မှာတော့ ​ရှမ်းပြည်ပြန်လည်ထူထောင်ရေး ​ကောင်စီ ​RCSS/SSA ​ကခေါင်းဆောင်တွေနဲ့ ​ထပ်မံတွေ့ဆုံ ​သွားဖို့ရှိသလို ​နောက်တစ်ရက်မှာလည်း ​ထိုင်းနိုင်ငံ ​မဲဆောက်မြို့က ​KNU ​ကရင်အမျိုးသား ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံသွားဖို့ရှိပြီး ​ကရင်နှစ်သစ်ကူးပွဲကို ​တက်ရောက်ဖို့ရှိတယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: