Tuesday, December 31, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ကော်မတီနှင့် UNDP ပူးပေါင်း၍ ဥပဒေစိုးမိုးရေးစင်တာများ ဖွင့်မည်

ဟိန်းကိုစိုး

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌတာဝန်ယူထားသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီသည် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် ပူးပေါင်း၍ တိုင်းနှင့်ပြည် နယ်အသီးသီးတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ရေး လုပ်ငန်းဖော်ဆောင်နိုင်ရန် ဇန်န၀ါရီလ ၂ ရက်တွင် ရန်ကုန်မြို့၌ ဆွေးနွေးသွားမည်ဟု ယင်းကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်ထံမှ သိရသည်။

ဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ရန် အစီအစဉ်သည် ပြည်ထောင်စုလွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့် အဋ္ဌမအကြိမ် လွှတ်တော်အစည်းအဝေးကာလအတွင်း သဘောတူညီခဲ့ခြင်းဖြစ်သည်။ ယခုအစည်းအဝေးမှာ အစီအစဉ် အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ဆောင်မည့် အစည်းအဝေးဖြစ်ပြီး တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် UNDP ကိုယ်စားလှယ်များ အပါအ၀င် ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းလည်း တက်ရောက်ဖွယ်ရှိသည်ဟု သိရသည်။

အဆိုပါ စင်တာများဖွင့်လှစ်မှုနှင့်ပတ်သက်၍ ကော်မတီအဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က “ဒီလို စင်တာတွေကို ဖွင့်မှာကတော့ ဥပဒေနဲ့ပတ်သက်တဲ့ တရားရေးနဲ့ပတ်သက်သူတွေ၊ တရားသူကြီး ရှေ့နေ၊ ဆွဲချ(အစိုးရရှေ့နေ)နဲ့ ရဲတွေကို စွမ်းရည်မြှင့်သင်တန်းတွေ ပေးဖို့လုပ်မှာ။ ပြည်သူတွေက ဒီစင်တာတွေ ဖွင့်တဲ့အကျိုးကို တိုက်ရိုက်မခံစားရပေမယ့် တရားရေးမဏ္ဍိုင်ကြီးကို တည့်မတ်ပေးနိုင်မယ်”ဟု ဆိုသည်။

ယင်းစင်တာဖွင့်လှစ်ရန်အစီအစဉ်အတွက် အကူအညီများကို UNDP မှ တိုက်ရိုက်ပေးခြင်းဖြစ်ပြီး တရား ဥပဒေစိုးမိုးရေးစင်တာများကို ပြည်နယ်တစ်ခုနှင့် တိုင်းတစ်ခုတွင် စတင်အကောင်ထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပြည်နယ်နှင့်တိုင်းများအနှံ့တွင် ဖွင့်လှစ်ရန် ဆောင်ရွက်သွားမည်ဟု အဆိုပါကော်မတီမှ သိရသည်။

No comments: