Sunday, December 29, 2013

ဘိန်းဖြူရောင်းဝယ်နေသူများ ကြည့်မြင်တိုင်တွင် ဖမ်းမိ

ဇော်ဇော်ထွေး

ကြည့်မြင်တိုင် မကျည်းတန်းမြောက် အရှေ့ရပ်ကွက်၊ စလင်းကျောင်းတိုက်အနီးတွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲနေသူများကို ဒီဇင်ဘာ ၂၄ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီက စလင်းကျောင်းတိုက်အနီး ဦးသီဟလမ်းတွင် မူးယစ်ဆေးဝါးများ ရောင်းချ သုံးစွဲနေကြောင်း သတင်းအရမြို့နယ်မှ လှည့်ကင်းတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့များက သွား ရောက်ဖမ်းဆီးလိုက်ခြင်းလည်း ဖြစ်သည်။

ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာတွင် ကျောင်းတိုက်ပေါက်အနီး အုတ်ခုံတွင် အသက်(၄၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို တွေ့ရှိရှာဖွေရာ အင်္ကျီအိတ်ကပ်အတွင်းမှ ဂျာနယ်စက္ကူပိုင်းဖြင့် ထုပ်လျက် ဘိန်းဖြူ ဟုယူဆရသည့် အမှုန့်များပါ အထုပ်နှစ်ထုပ်၊ အလေးချိန် ၀ဒသမ ၀၃ ဂရမ်ကို တွေ့ရှိခဲ့ပြီး ယင်း၏ ခါး ကြားရှိ သားရေခေါက်ပိုက်ဆံအိတ်အတွင်းမှ မူးယစ်ဆေးဝါးရောင်းချရရှိငွေ ကျပ် ၄၀,၀၀၀ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် ၎င်းနှင့်အတူ ထပ်မံ၍ အမျိုးသားတစ်ဦးကိုပါ တွေ့ရှိဖမ်းဆီးခဲ့သည်။ ထို့ပြင် ယင်းတို့ထိုင်နေ သည့် အုတ်ခုံဘေးရှိ အမှိုက်ခြင်းအတွင်းမှလည်း ပလတ်စတစ်ကော်ဘူး အနက်ရောင်အတွင်းထည့် လျက် ဂျာနယ်စက္ကူပိုင်းများဖြင့် ထုပ်ထားသော ဘိန်းဖြူဟုယူဆရသည့် အမှုန့်များပါ အထုတ်ခြောက် ထုပ်၊ အလေးချိန် ၀ဒသမ ၀၆ ဂရမ် တန်ဖိုး ကျပ် ၉၀၀၀ တို့ကိုပါ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦးကို ရဲစခန်းက မယ(ပ)၄/၂၀၁၃ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အရေးယူနိုင်ရန် ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရ သည်။

No comments: