Monday, December 30, 2013

ဝန်ကြီးဦးအောင်မင်းနှင့်အဖွဲ့ NCCT နှင့် ချင်းမိုင်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေး

ဖနိဒါ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီဒုတိယဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဒီဇင်ဘာလ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Alpine Golf Resort တွင် အလွတ်သဘော ဆွေးနွေးသည်။

“ဒီနေ့ ဆွေးနွေးပွဲက ခက်ခက်ခဲခဲ ဆွေးနွေးရတာ မရှိဘူး။ ဘာလို့လဲဆိုတော့ အားလုံးက လမ်းကြောင်း တစ်ခုပေါ် ရောက်နေတယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ဒီထဲမှာ ပါဝင်ရမယ့်အချက်တွေကို ပထမ အကြိမ် စည်းဝေးတုန်းက သူတို့နဲ့ ဆွေးနွေးထားပြီးပြီ။ အခု လူကြီးတွေဆီ တင်ပြပြီး ပြန်လာတယ်။ ဒါကို ထပ်ပြီး အတည်ပြုတယ်။ တချို့ဟာတွေ စာသားအသုံးအနှုန်းလေးတွေ၊ စာပိုဒ်ရှေ့နောက် တိုးတာတွေ လုပ်ပါတယ်။ ဒါကို ပြန်တင်ပြကြမယ်။ တစ်ဖြည်းဖြည်း အကြမ်းကနေ အချောဖြစ်သွားမယ်”ဟု ၀န်ကြီးဦး အောင်မင်းက ပြောသည်။

ယနေ့ဆွေးနွေးပွဲတွင် အစိုးရဘက်မှ အခန်း ၁၄ ခန်းပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင် ရာစာတမ်းနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ အချက် ၁၁ချက်ပါ ဘုံသဘောတူညီချက်တို့ကို နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုအပြီး ၀န်ကြီးဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“အခု စာချုပ်ချုပ်နိုင်အောင်အတွက် စာချုပ်ကို ပြင်ဆင်နေတယ်။ စာသားတွေ၊ အသုံးအနှုန်းတွေပြင်ဖို့နဲ့ သူတို့ဌာနချုပ်တွေ ပြန်ပြီးတော့ အတည်ပြုဖို့လောက်ပဲ ကျန်တော့တယ်။ တစ်ဖြည်းဖြည်း ချောလာပြီ။ ဒါကြောင့်မို့ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ကျေလည်း ကျေနပ်ပါတယ်”ဟု ၎င်းက မဇ္ဈိမကို ပြော သည်။

လာမည့်ဇန်န၀ါရီလ ၂၄ မှ ၂၅ ရက်မှာ ကရင်ပြည်နယ် ဘားအံမြို့တွင် တိုင်းရင်းသားများနှင့် အစိုးရငြိမ်း ချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ ထပ်မံဆွေးနွေးရန် ယနေ့ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြသည်ဟု ဆိုသည်။

နှစ်ဖက်ကိုယ်စားလှယ်များက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာတမ်းမှာ မတူညီသော စာသားများ တူညီစေရန် ညှိနှိုင်းပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် နီးစပ်မှု ၈၀ ရာခိုင်နှိုင်း ရရှိကြောင်း NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောသည်။

“အဲဒီသဘောတူညီချက်မှာ အစုံပါတယ်။ ဥပမာ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးကို နောက်ဆုံးမှာ နိုင်ငံရေးဆွေးနွေးတဲ့ နောက်ပိုင်းမှာ ပို့လိုက်မယ်ဆိုတာမျိုး။ ဖွဲ့စည်းတဲ့အခါ လုပ်ငန်းစဉ်တွေကို မူဘောင် ဆွဲတဲ့အခါ ပါဝင်ထည့်သွင်းသွားဖို့၊ ၇၅ ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်း အောင်မြင်ပြီလို့ ပြောလို့ရတယ်”ဟု ၎င်း က မဇ္ဈိမကို ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်၊ နိုင်ငံရေးမူဘောင် ရေးဆွဲရန်နှင့် တိုင်းရင်းသားများ တောင်းဆိုနေသော နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရာတွင် လာမည့် ဘားအံဆွေးနွေးပွဲတွင် အတည်ပြုက အပစ်အခတ်ရပ်စဲရန်အတွက် ရက်စွဲသတ်မှတ်နိုင်သည်အထိ ဆွေးနွေးကြမည်ဖြစ်ကြောင်း ၀န်ကြီးဦးအောင်မင်းက ပြော သည်။

ယခုကျင်းပသည့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် NCCT တို့၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အ ခတ်ရပ်စဲရေးဆွေးနွေးမှုသည် ဒုတိယအကြိမ်မြောက် ဆွေးနွေးခြင်းဖြစ်ပြီး လာမည့်ဇန်န၀ါရီလလယ်တွင် ထပ်မံ ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ၀န်ကြီးဦးအောင်မင်း ဦးဆောင်၍ ၀န်ကြီး ဦးခင်ရီ၊ ဗိုလ်ချုပ်မောင်မောင်အုန်း၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှ ဦးလှမောင်ရွှေအပါအ၀င် ၁၈ ဦး တက်ရောက်ပြီး NCCT မှ ခေါင်းဆောင်များဖြစ်သော မွန်ပြည်သစ်ပါ တီမှ ဦးနိုင်ဟံသာ၊ ကရင်အမျိုးသားအစည်းအရုံး KNU မှ ပဒိုကွယ်ထူးဝင်းတို့ အပါအ၀င် ခုနစ်ယောက် တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယနေ့ ဆွေးနွေးချက်များကို NCCT က လာမည့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလလယ်တွင် ထပ်မံဆွေးနွေးပြီး နောက် တိုင်းရင်းသားများ၏ ဒုတိယညီလာခံကို လာမည့် ဇန်န၀ါရီလ ၂၀ ရက် KNU နယ်မြေ လေးဝါး ခေါ် လောခီးလာစခန်းတွင် ပြန်လည် အတည်ပြု ဆွေးနွေးကြမည်ဖြစ်သည်။

ထို့ပြင် မနက်ဖြန် ဒီဇင်ဘာလ ၃၀ ရက်မှာလည်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက လာမည့် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်မှုနှင့် ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များနှင့် ထိုင်း-မြန်မာ နယ်စပ်ရှိ လူထုအခြေပြု အဖွဲ့အစည်းများအား ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။

No comments: