Monday, December 30, 2013

ရှမ်းတောင်ပိုင်း မြို့နယ်လေးခုရှိ ဘိန်းခင်းများ ဇန်န၀ါရီတွင် အပြီးဖျက်မည်

အေးမြင့်စန်း

ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်လေးခုရှိ ဘိန်းခင်းဧက ၃၀၀၀၀ ကို လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ တွင် အပြီးဖျက်သိမ်းမည်ဖြစ်သည်ဟု ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ စု ၂၅ မှ ဒု-ရဲမှူးအောင်စိုးကြိုင်က ဒီဇင်ဘာ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟိုပုံး၊ ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင်မြို့နယ်များတွင် ဘိန်းစိုက်ခင်းများ ဖျက်ဆီး မှုကို အောက်တိုဘာ ၂၀ မှ စတင်နေရာ ဒီဇင်ဘာ ၂၆ အထိ ဧက ၂၅၀၀၀ ခန့် ဖျက်ဆီးခဲ့ပြီးဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။

ဒု-ရဲမှူး အောင်စိုးကြိုင်က “ဒီရက်အထိတော့ ဧက ၂၅၀၀၀ လောက် ဖျက်ဆီးပြီးပြီ”ဟု ဆိုသည်။

အဆိုပါ ဘိန်းစိုက်ခင်းများ ဖျက်ဆီးခြင်းလုပ်ငန်းကို အောက်တိုဘာမှ ဒီဇင်ဘာအထိ လုပ်ဆောင်သွားရန် ယခင်က လျာထားခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တစ်လထပ်တိုး၍ ဇန်န၀ါရီလကုန်အထိ ထပ်တိုး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်း ဘိန်းစိုက်ရာသီကျော်လွန်ပါက ဘိန်းခင်းများ ဖျက်ဆီးခြင်းကို ရပ်နားမည်ဖြစ်ပြီး တရားမ၀င် လျို့ဝှက်စိုက်ပျိုးခြင်းများကို နယ်မြေခံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များက ဖော်ထုတ် အရေး ယူသွားမည်ဖြစ်သည်ဟုလည်း ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ သိရသည်။

ယင်းအပြင် တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းများကိုလည်း ဖမ်းဆီးမှုများ ပြုလုပ်နေရာ နိုဝင် ဘာလမှ ဒီဇင်ဘာ ၂၆ ရက်အထိ ဘိန်းစိမ်းမှု ၁၅ မှုကို ဖော်ထုတ်နိုင်ခဲ့သည်ဟုလည်း ဒု-ရဲမှူး အောင်စိုး ကြိုင်က ပြောသည်။

နိုဝင်ဘာလမှ ဒီဇင်ဘာ ၂၆ အထိ ၄၂ ဒသမ ၉၈ ကီလိုဂရမ်ရှိသည့် ဘိန်းစိမ်း ၁၅ မှုနှင့် စိတ်ကြွဆေးပြား ပေါင်း ၉၀၅၅ ပြားပါဝင်သည့် စိတ်ကြွဆေးပြားအမှု ၁၆ မှုနှင့် ဘိန်းဖြုတစ်မှုကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ် သည်ဟုလည်း ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

ဒု-ရဲမှူးအောင်စိုးကြိုင်က “ဘိန်းဖြူက ဈေးကြီးလို့ ပြည်တွင်းမှာ သုံးစွဲတာ နည်းတယ်၊ ဘိန်းစိမ်းနဲ့ စိတ်္ဘ္ဘ္ဘကြွဆေးပြားတွေကို ဒေသခံတွေက မန္တလေးနဲ့ ရန်ကုန်လို ပြည်မဘက်ကို ဖြန့်ဖြူးကြတယ်၊ ဘိန်းစိမ်းကို တရုတ်နိုင်ငံက ပညာရှင်တွေက ဘိန်းဖြူအဆင့်ထိရောက်အောင် ဒေသတွင်းမှာ ထုတ်လုပ်ကြတယ်”ဟု ပြောသည်။

ဘိန်းစိမ်းအမှုကို ပင်လောင်းတွင် အများဆုံး ဖော်ထုတ်အရေးယူနိုင်ခဲ့ခြင်းဖြစ်ပြီး တောင်ကြီးမြို့၊ ပင် လောင်းနှင့် လွိုင်လင်မြို့၊ နမ့်ဆန်တို့တွင် စိတ်ကြွဆေးပြားများကို စစ်ဆေးအရေးယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဘိန်းစိုက်ခင်းများ ဖျက်ဆီးနေချိန်တွင် ဖျက်ဆီးရန် ကျန်ရှိနေသည့် ဘိန်းစိုက်ခင်းများမှ ဘိန်းအစေးများ ခြစ်ယူပြီး ဘိန်းစိမ်းများကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဒု-ရဲမှူးအောင်စိုးကြိုင်က ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အောက်တိုဘာလတွင် ဘိန်းဖြု နှစ်မှု၊ ၄၇ ဒသမ ၅၇ ကီလိုဂရမ်ရှိသည့် ဘိန်းစိမ်း သုံးမှု၊ စိတ်ကြွဆေးပြား ၂၆,၆၁၁ ပြား ပါဝင်သည့် ဆေးပြားမှု လေးမှုကို ရှမ်း (တောင်) မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးမှ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် တစ်ကမ္ဘာလုံး ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးသော နိုင်ငံဖြစ် ပြီး တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု၏ ၉၀ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင်ရှိသည်ဟု ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဟိုပုံး၊ ဖယ်ခုံ၊ ကလော၊ ညောင်ရွှေ၊ ကျောက်တလုံးနှင့် ဆီဆိုင်မြို့နယ် များရှိ ဘိန်းစိုက်ခင်း ၂၄,၂၁၈ ဧက အပါအ၀င် ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းစိုက်ခင်း ဧက၂၉,၄၁၈ ကို ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ဘိန်းစိုက်ရာသီကာလအတွင်း ဘိန်းစိုက်ခင်း ၅၀၁,၀၀၀ ဟက်တာရှိပြီး ဘိန်းစိုက်ခင်း ၂၀၃,၀၀၀ ဟက်တာကို ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း ရှမ်း (တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးမှ စာရင်းများအရ သိရသည်။

No comments: