Sunday, December 29, 2013

မြစ်ဆုံစီမံကိန်းသည် ဧရာဝတီမြစ်အတွက် အကျိုးဖြစ်စေမည်ဟု ဆည်ဆောက်မည့်ကုမ္ပဏီ၏ အစီရင်ခံစာ ဖော်ပြ

နီနီမြင့်

မြစ်ဆုံရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခြင်းသည် ရာသီအလိုက် ရေများချိန်နှင့် ရေနည်းချိန်တို့တွင် ရေစီးကြောင်းကို ချိန်ညှိပေးနိုင်ပြီး မြစ်ကြောင်းကို ပိုမို တည်ငြိမ်စေမည့် အကျိုးရစေမည်ဟု မြစ်ဆုံရေ အားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ရန် တာဝန်ယူထားသော ဧရာဝတီမြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ကုမ္ပဏီ ACHC က ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ထားသော အစီရင်ခံစာတွင် ဖော်ပြထား သည်။ အစီရင်ခံစာကို ဒီဇင်ဘာ ၂၆ ရက်က ထုတ်ပြန်ကြေညာရာတွင် ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါအစီရင်ခံစာတွင် ဧရာဝတီမြစ်ထဲမှ သဲနွံများ စီးဆင်းအနည်ထိုင်ခြင်းကို ပြေလျော့စေမည်။ မြစ် အထက်ပိုင်းတွင် ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ခြင်းသည် မြစ်အောက်ပိုင်းလယ်ယာများ၏ ရေပေး သွင်းမှုနှင့် သောက်သုံးရေအရင်းအမြစ်ကို မထိခိုက်နိုင်ပါဟု ပါဝင်သည်။

“ACHC အနေနဲ့ စီမံကိန်းလုပ်ငန်းတွေကို ပွင့်လင်းမြင်သာမှုရှိစေဖို့၊ ပြည်သူလူထုအနေနဲ့ စီမံကိန်းနဲ့ ပတ် သက်တဲ့ အချက်အလက် အမှန်တွေ သိစေဖို့ ရည်ရွယ်ပြီး အစီရင်ခံစာကို ထုတ်ခဲ့ပါတယ်။ မြန်မာပြည် တိုးတက်ဖွံ့ဖြိုးဖို့၊ ပြည်သူတွေရဲ့အသက်မွေးဝမ်းကျောင်း အဆင်ပြေစေဖို့ လူမှုရေးနဲ့ဆိုင်တဲ့လုပ်ငန်းတွေ ကို တာဝန်အပြည့်အ၀ယူပြီး သန့်ရှင်းကောင်းမွန်တဲ့ အစိမ်းရောင်စွမ်းအင်ကို ထုတ်လုပ်ပေးမှာဖြစ်ပါ တယ်”ဟု ACHC မှ ဥက္ကဋ္ဌ မစ္စတာလီဂွမ်ဟွာက ပြောသည်။

အစီရင်ခံစာတွင် စီမံကိန်းအစီအစဉ်များကို သိပ္ပံနည်းကျ သတ်မှတ်ခြင်း၊ ဒေသစီးပွားရေးဖွံ့ဖြိုးမှုကို အ ကျိုးပြုခြင်း၊ ဒေသတွင်း ဇီဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ခြင်း၊ ဘေးကင်းသော ရေအားလျှပ်စစ် စီမံကိန်းကို တည်ဆောက်ခြင်း၊ ရပ်ရွာဒေသဖွံ့ဖြိုးမှုကို အားပေးကူညီခြင်း၊ ၀န်ထမ်းများကို ကုမ္ပဏီနှင့် အတူ တိုးတက်စေခြင်း စသည့် အခန်းကဏ္ဍများ ပါဝင်သည်။

အစီရင်ခံစာကို ဇန်န၀ါရီလ ၁ ရက် ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်အထိ အချိန်အတိုင်းအတာ ကြားအတွက် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အဆိုပါအချိန်ထက် ကျော်လွန်သော အကြောင်းများလည်း ပါဝင် သည်။

အစီရင်ခံစာတွင် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်မည်ဆိုပါက ဧရာဝတီမြစ် အထက်ပိုင်း မြစ်ညာမြစ် ၀ှမ်းစီမံကိန်း ရေအားလျှပ်စစ်တစ်ခုလုံး တည်ဆောက်မှုမှလည်ပတ်မှုအဆင့်သို့ နှစ်စဉ် အများဆုံးအလုပ် အကိုင်အခွင့်အလမ်း ၄၀,၀၀၀ ပေးနိုင်မည်ဟုလည်း ဖော်ပြထားသည်။

“တရုတ်အနေနဲ့ကတော့ စီမံကိန်း ပြန်စဖို့ အကောင်းဆုံး ကြိုးစားမှာပဲ။ သူတို့ ပြောတာ၊ သူတို့ ထုတ်တဲ့ အစီရင်ခံစာအပေါ် ယုံကြည်မှု ရှိ မရှိကတော့ ပြည်သူတွေအပေါ်မှာပဲ မူတည်တယ်”ဟု သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက ပြောသည်။

မြစ်ဆုံဒေသအတွင်းရှိ ကျေးရွားများတွင်ပင် စီမံကိန်းကို လက်ခံသူနှင့် လက်မခံသူများရှိနေပြီး စီမံကိန်း ပြန်လည်စတင်ရန်ကြိုးပမ်းမှုမှာ တရုတ်နှင့် မြန်မာပြည်သူလူထုအကြား အားပြိုင်မှုတစ်ခုဟုလည်း ဦးဝင်း မျိုးသူက ပြောသည်။

မြန်မာအစိမ်းရောင်ကွန်ရက်အဖွဲ့ဝင် ဒေါ်ဒေ၀ီသန့်စင်ကလည်း “ပြည်သူနဲ့ လွှတ်တော်နဲ့ ပူးပေါင်းပြီး ဒီစီ မံကိန်းကို ပြန်လည် မစတင်နိုင်အောင် လုပ်ရင်ရမယ်။ ကျွန်မတို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းလုပ်သူတွေအနေနဲ့လည်း အသိပညာပေးမှုတွေ စတင်ပြီး လုပ်နေပြီ။ ကျွန်မတို့သဘောကတော့ ကျွန်မတို့ မြစ်ကြီးဧရာဝတီကို လွတ်လွတ်လပ်လပ်ပဲ စီးဆင်းစေချင်ပါတယ်”ဟု ပြောသည်။

ဒီဇင်ဘာ ၁၇ ရက် ယုဒဿန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော ဧရာဝတီမြစ်ဝှမ်းဒေသအတွင်းရှိ နေရာ ၁၁ နေရာတွင် ပြုလုပ်ခဲ့သော သုတေသနနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင်၊ ဧရာဝတီမြစ်တစ်လျှောက် ကမ်းပါးပြိုခြင်း၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ရေတက်သည့်အချိန် မတက်နိုင်ခြင်း၊ စိုက်ပျိုး မြေများ မဖြစ်ထွန်းခြင်း စသည့် အခက်အခဲများနှင့် ကြုံဆုံနေရကြောင်း တက်ရောက်လာသူ ဒေသခံများ က ဆွေးနွေးခဲ့ကြသည်။

ထိုအခမ်းအနားတွင် ပြည်သူ့လွှတ်တော် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးသိန်းလွင်က “အချို့လွှတ်တော်အမတ်တွေက စီမံကိန်းကို ပြန်လည်စတင်ချင်သလိုလို ဆန္ဒရှိတယ်ဆိုတဲ့ လေသံတွေ ထွက်လာတယ်ဆိုတာ မဟုတ်ပါဘူး။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ရဲ့လိုအပ်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတာ ရှိတယ်။ ပြည်သူတွေက စီမံကိန်းကို ပြန်စတင်ဖို့ မလိုလားဘူးဆိုရင် လွှတ်တော်အနေနဲ့ကလည်း ဆက်ပြီး မဆောင်ရွက်အောင် လုပ်ရမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့လိုအပ်ချက်ကို ထင်ဟပ်ပြီးတော့ ဘယ်လို နည်းနဲ့မှ စီမံကိန်းပြန်စတင်ဖို့ ခွင့်ပြုချက်မရအောင် လုပ်ဖို့လိုပါတယ်”ဟု ပြောခဲ့သည်။

မြစ်ဆုံရေအားလျှပ်စစ်အပြင် ကျန် ရေအားလျှပ်စစ်စက်ရုံ ခြောက်ခုကို ဆက်လက် တည်ဆောက်သွား မည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ACHC သည် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာ န၊ တရုတ်ဓာတ်အားရင်းနှီးမြှုပ်နှံမှု ယူနန်အင်တာနေရှင်နယ် ဓာတ်အားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၊ မြန်မာနိုင် ငံအေးရှားဝေါကုမ္ပဏီတို့နှင့် ပူးပေါင်းဖွဲ့စည်းထားသော ကုမ္ပဏီဖြစ်သည်။ ACHC ၏ အကြီးစား ရှယ်ယာ ၀င်မှာ China Power Investment Corporation (CPI) ဖြစ်သည်။

No comments: