Saturday, December 28, 2013

ဦးလေးဖြစ်သူက အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်

ဇော်ဇော်ထွေး

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ်သာရှိကြသည့် ကလေးငယ်နှစ်ဦးကို ဦးလေးတော်စပ်သူက သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲ က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် ရပ်ကွက်တစ်ခုတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မိခင်က အမှုဖွင့်တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

၎င်းကို အသိမိတ်ဆွေ အမျိုးသမီးတစ်ဦးက သမီးငယ်လေး၏ မိန်းမကိုယ်တွင် ဖူးရောင်စုတ်ပြဲကာ ပြည် ပုပ်များဖြစ်နေကြောင်း ပြောပြရာမှ စတင်သိရှိခဲ့ရသည်ဟုလည်း ရဲအားထွက်ဆိုထားသည်။

ထို့ကြောင့် နေအိမ်သို့ ပြန်ပြီးခုနစ်နှစ်ရှစ်လရှိ နှစ်တန်းကျောင်းသူသမီးနှင့် အသက်လေးနှစ်ခြောက်လရှိ သမီးငယ်တို့ကို ချော့မော့မေးမြန်းခဲ့ရသည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦးအား လွန်ခဲ့သော တစ်လကျော်ခန့် (ရက်မမှတ်မိ)က တစ်အိမ်တည်းအတူနေ ဦးလေးတော်စပ်သူ ၁၆ နှစ်က ရက်ခြား၍ သားမယားအဖြစ် တစ်ကြိမ်စီပြုကျင့်ခဲ့သည်ကို ပြောပြကြ သည်ဟုလည်း မိခင်ဖြစ်သူက အမှုဖွင့်ရာတွင် ထည့်သွင်းပြောကြားထားသည်။

ထို့ကြောင့် သမီးငယ်နှစ်ဦးအား သားမယားပြုကျင့်သည့် မောင်တော်စပ်သူကို အရေးယူပေးရန် ကလေး မိခင်က အမှုဖွင့်တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ထို့အတွက် ဒဂုံဆိပ်ကမ်း ရဲစခန်းက (ပ)၄၃၆/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

ထို့ပြင် အသက်သုံးနှစ်သာ ရှိသေးသော ကလေးငယ်ကို ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးက သားမယား ပြုကျင့်ရန်ကြံစည်သည်ဟု ဒီဇင်ဘာ ၂၅ ရက်တွင် အမှုဖွင့်တိုင်ကြားထားသည်။ ယင်းတိုင်ကြားမှုကို လည်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နယ်မြေ ရဲစခန်းက (ပ)၄၆၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန် သူအဖြစ် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။

ယင်းသို့သော အရွယ်မရောက်သေးသည့် ကလေးငယ်လေးများ အဓမ္မပြုကျင့်ခံနေရခြင်းများမှ ကာ ကွယ်နိုင်ရန် ထိရောက်ဟန့်တားနိုင်သည့် ပြစ်ဒဏ်များ ပြင်ဆင်ဖြည့်စွက်ပေးရန် လွှတ်တော်တွင် နှစ် ကြိမ်တိုင်တိုင် အဆိုတင်သွင်းမှုများ ရှိခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

ထို့ပြင် မြန်မာပြည်တွင် အမျိုးသမီးများနှင့်ပတ်သက်၍ ပြဋ္ဌာန်းပေးထားသည့် ဥပဒေများမှာလည်း နိုင်ငံ တကာစံနှုန်းဖြစ်သည့် အမျိုးသမီးများ အကြမ်းဖက်ခံရပါက လုံးဝသီးခံစရာမလိုဟုဆိုသော(Zero Talerance) ပေါ်လစီဖြင့် ကိုက်ညီမှုမရှိသည့်အတွက် ပြင်ဆင်ရန် လိုအပ်နေသေးသည်ဟု သုံးသပ်မှု များရှိနေသည်။

No comments: