Saturday, December 28, 2013

အန္တရာယ်ရှိအဆောက်အအုံများတွင် နေထိုင်သူများကို ဖယ်ရှားပြီးသော်လည်း အသစ်ပြန်ဆောက်ပေးခြင်း မရှိသေး

မြတ်ကျော်သူ၊ နန်းမြင့်

ရန်ကုန်မြို့ရှိ အဆောက်အအုံဟောင်း ၁,၀၀၀ ကျော်ကို အန္တရာယ်ရှိ အဆောက်အအုံများအဖြစ် သတ် မှတ်ပြီးသော်လည်း အသစ်ပြန်လည် ဆောက်လုပ်နိုင်ခြင်းမရှိဘဲဖြစ်နေပြီး မူလနေထိုင်သူများမှာ ပြင်ပတွင် ငှားရမ်းနေထိုင်ရလျက်ရှိသည်။

မူလနေထိုင်သူများအနေနှင့် ၎င်းတို့နေရာ ပြန်လည်ရရှိရေးအတွက် တောင်းဆိုမှုများ ရှိနေသော်လည်း ယင်းအဆောက်အအုံများကို ပြန်လည်တည်ဆောက်ရန်အစီအစဉ်မှာ သုံးလ သို့မဟုတ် ခြောက်လခန့် ကြာမြင့်ဦးမည်ဟု စည်ပင်အင်ဂျင်နီယာဌာန (အဆောက်အုံ) အကြီးတန်းအရာရှိတစ်ဦးက ဆိုထားသည့် အတွက် ကြန့်ကြာနေဦးမည့် အခြေအနေဖြစ်နေသည်ကို တွေ့ရကြောင်းလည်း ပြင်ပတွင် ငှားရမ်းနေ ထိုင်ခဲ့သူများက ဆိုသည်။

“တိုက်ခန်း ၀ယ်ထားတာ ကျွန်တော့်အဖေ လက်ထက်ကတည်းက ကြာပါပြီ။ ဒါပေမဲ့ အန္တရာယ်ရှိ အဆောက်အအုံလုပ်လိုက်တော့ နေစရာရှာရတော့တာပေါ့။ ခုထိလည်း သူတို့ ပြန်မဆောက်သေးပါဘူး” ဟု ကျောက်တံတားမြို့နယ်တွင် အခန်းငှားနေထိုင်သူ ဦးထွန်းမြင့်က ပြောသည်။

ဦးထွန်းမြင့်ပိုင်ဆိုင်သည့် တိုက်ခန်းကို ၂၀၁၂ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်က စတင်၍ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်လိုက်သည့်အတွက် မြို့တွင်း၌ အခန်းငှားနေထိုင်ရခြင်းဖြစ်သည်။

အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရန် ကြန့်ကြာနေခြင်း၏ အခြားပြဿနာတစ်ခုမှာ မြေရှင် ငှားရမ်းနေထိုင်သူနှင့် ကန်ထရိုက်တို့အကြား ညှိနှိုင်းမရသေးခြင်းများကြောင့်လည်း ဖြစ်သည်။

“အမှန်က ပြန်ဆောက်မယ်ဆိုရင် ဆောက်လို့ရတဲ့ တိုက်တွေရှိပါတယ်။ ဒါပေမဲ့ ကန်ထရိုက်နဲ့ ပြန်ညှိရ တာတွေရှိတယ်။ စည်ပင်က ခွင့်ပြုချက် တောင်းခံရတာတွေ ရှိတယ်။ ဒါတွေနဲ့ ပြန်ဆောက်ဖို့ အဆင် မပြေပြန်ဘူး”ဟု လသာမြို့နယ်၌ အခန်းငှားနေထိုင်သည့် ဦးထွန်းလင်းက ဆိုသည်။

ရန်ကုန်မြို့တွင်း တည်ဆောက်ရန် ကျန်ရှိနေသည့် အန္တရယ်ရှိ အဆောက်အဦး တစ်ရာကျော်ရှိပြီး စည် ပင်က သတ်မှတ်လိုက်ပြီးနောက် အချို့အခန်းများမှာ နေထိုင်ဆဲဖြစ်ပြီး ပြန်လည်ဆောက်လုပ်ရန် စောင့် မျှော်လျက်ရှိနေသည်။ စည်ပင်အနေနှင့် အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် အ ဆောက်အအုံများကို အမြန်ဆုံး ပြန်လည်တည်ဆောက်ရန် အကြောင်းကြားစာများ ပို့ထားပြီး အကယ်၍ ပြန်လည်တည်ဆောက်ခြင်း မလုပ်ပါက အန္တရာယ်ရှိ အဆောက်အအုံစာရင်းမှ ပယ်ဖျက်သွားမည်ဟု စည်ပင်က ကြေညာထားသည်။

ပြန်လည်တည်ဆောက်ရန် ကျန်ရှိနေသည့် အဆောက်အအုံများတွင် ဌာနဆိုင်ရာ ၂၇ လုံးပါဝင်ပြီး ပုဂ္ဂလိ က အဆောက်အအုံ အလုံး ၈၀၊ စုစုပေါင်း ၁၀၇ လုံးရှိသည်။ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် အလုံး ပေါင်း ၁၆၆၄ လုံး သတ်မှတ်ထားပြီး အသစ်ဆောက်လုပ်ရန် ကျန်ရှိနေသည့် အဆောက်အအုံများမှာ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မတိုင်ခင် ၆၄ လုံး၊ ဘဏ္ဍာနှစ်အတွင်း ၃၄ လုံးနှင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ကိုးလုံး သတ်မှတ်ခဲ့သည်။

No comments: