Sunday, December 29, 2013

အတက်ဘက် ဦးတည်နေသည့် ဒေါ်လာဈေး ဆက်မတက်နိုင်တော့

ထင်လင်းအောင်

၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းကတည်းက အမြင့်ဘက်သို့ ဆက်တိုက်ဦးတည်နေခဲ့သည့် အမေရိကန်၏ မြန်မာကျပ်ငွေနှင့်လဲလှယ်နှုန်းသည် လက်ရှိအနေအထားမှ အများအပြား ဆက်လက်မြင့်တက်ဖွယ် မရှိတော့ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက မဇ္ဈိမသို့ ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။

လက်ရှိကာလသည် မြန်မာနိုင်ငံ၏ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့ အများအပြားတင်ပို့သည့် ပွင့်လင်းကာလဖြစ်သောကြောင့် ပြည်တွင်းဈေးကွက်အတွင်းသို့ ကန်ဒေါ်လာစီးဝင်မှုများနေမည်ဖြစ်၍ ဈေးနှုန်းဆက်လက်မတက်နိုင်ဟု ယင်းတို့က သုံးသပ်ကြခြင်းဖြစ်သည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦး ဖြစ်သူဒေါက်တာစိုးထွန်းက “ရှေ့လတွေမှာ တစ်ဟုန်ထိုး မြင့်တက်ခဲ့ တယ်ဆိုတာက ပို့ကုန်ပိုင်းကမရှိတော့ သွင်းကုန်ပိုင်းပဲများနေပြီး ဒေါ်လာစီးကြောင်းက အထွက်ပဲပြ နေတော့ ဈေးတက်ခဲ့တာပါ။ အခုတော့ ပွင့်လင်းရာသီရောက်လာတဲ့အတွက် ပို့ကုန်ပိုင်းမှာ ပြန်ပြီးအား သာလာတော့မှာဖြစ်တဲ့အတွက် ဒီထက်တော့ဆက်ပြီးမတက်နိုင်လောက်တော့ပါဘူး”ဟု ပြောသည်။

ပြည်တွင်းဈေးကွက်အတွင်း၌ ဒေါ်လာဈေးနှုန်းများသည် ယခုနှစ်လယ်မှ စတင်၍ တစ်ယူနစ်လျှင် ကျပ် ၉၅၀ တစ်ဝိုက်သို့မြင့်တက်လာခြင်းဖြစ်ပြီး ဆက်တိုက်အတက်ဘက်သို့ဦးတည်နေခဲ့ကာ အနည်းငယ် သာ ပြန်လည်ကျဆင်းမှုရှိခဲ့သည်။ အဆိုပါအနေအထားသည် နှစ်ကုန်ပိုင်းအထိ ဆက်လက်ဖြစ်ပေါ်နေ ခဲ့ကာ ဒီဇင်ဘာ၂၆ ရက်တွင် တစ်ယူနစ်လျှင် ၉၈၃/ ၉၉၁ကျပ်ဖြစ်သည်။

ကမ္ဘာ့ငွေကြေးဈေးကွက် ကစားသူများသည် ရွှေဝယ်ယူစုဆောင်းမှုအားများလာပါက ရွှေဈေးတက်လာ ပြီး ရွှေဈေးကျဆင်းချိန်တွင် ဒေါ်လာဝယ်ယူမှုအားများခြင်းကြောင့် ဒေါ်လာဈေးထိုးတက်လာနေလျက်ရှိ ကြောင်း စီးပွားရေးလုပ်ငန်းရှင်များကဆက်လက်ပြောသည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် ဦးမျိုးထွေးက “ရွှေဈေးကျလို့ ဒေါ်လာကစားတဲ့သူများပြီး ဒေါ်လာကလည်း တက်တယ်။ အခုဆိုရင် စက်သုံးဆီတွေ တင်သွင်းတာရှိပေမယ့် တစ်ဖက်မှာ ပို့ကုန်ပိုင်းကလည်းရှိလာ တော့မယ်ဆိုတော့ လက်ရှိဈေးတွေကနေ အများကြီးမတက်နိုင်တော့ပါဘူး” ဟုပြောသည်။

သို့ရာတွင် ဒေါ်လာဈေးကွက် အလားအလာအား ရေရှည်အတွက် ခန့်မှန်းသုံးသပ်ရန် ခက်ခဲသည့် အနေ အထားဖြစ်နေကာ ပြည်တွင်းသို့ ၀င်ရောက်လာဖွယ်ရှိနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ ၀င်ရောက် မှု အနည်းအများအပေါ်မူတည်၍လည်း ကန်ဒေါ်လာ၏ မြန်မာကျပ်ငွေ နှင့် လဲလှယ်နှုန်းထားသည် အတက်အကျ ဖြစ်ပေါ်ဖွယ်ရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက သုံးသပ်ပြောကြားသည်။

No comments: