Saturday, December 28, 2013

မြစ်ဆုံစီမံကိန်း ပြန်လုပ်ခွင့်ရဖို့ တရုတ်ကုမ္ပဏီက ကြိုးစားမယ်

ABC

မြန်မာပြည်သူတွေရဲ့ ​ကန့်ကွက်မှုကြောင့် ​ရပ်တန့်ထားတဲ့ ​ဧရာဝတီ ​မြစ်ဆုံရေးအားလျှပ်စစ် ​စီမံကိန်းမှာ ​ပြန်လည်လုပ်ခွင့်ရဖို့အတွက် ​မြန်မာပြည်သူတွေကို ​ချပြပြောဆိုသွားမယ်လို့ ​ဧရာဝတီ ​မြစ်ညာ ​- ​မြစ်ဆုံ ​ရေအား ​လျှပ်စစ်စီမံကိန်း ​ကုမ္ပဏီ ​(ACHC) ​က ​ပြောပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ ​ပတ်သက်ပြီး ​မြန်မာအစိုးရအနေနဲ့ ​မှန်ကန်တဲ့ ​ဆုံးဖြတ်ချက် ​ချနိုင်ဖို့ ​မျော်လင့်ကြောင်း၊ ​အဲဒီအတွက် ​ပြည်သူတွေကို ​ချပြသွားမှာဖြစ်ပြီး ​အစိုးရရဲ့ ​ဆုံးဖြတ်ချက်အတိုင်း ​ပြုလုပ်သွားမယ်လို့လည်း ​မြစ်ဆုံစီမံကိန်းမှာ ​ပါဝင်ခဲ့တဲ့ ​ACHC ​ကုမ္ပဏီက ​ပြောပါတယ်။

ACHC ​ကုမ္ပဏီအနေနဲ့ ​မြစ်ဆုံဒေသအတွင်းမှာ ​လူမှုရေးလုပ်ငန်းတွေ၊ ​လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းတွေ၊ ​လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေ၊ ​ပညာရေး၊ ​ကျန်းမာရေး ​အကူအညီတွေ ​ပေးထားတယ်လို့လည်း ​ACHC ​ရဲ့ ​မန်နေဂျာချုပ် ​လီကွမ်းဟွာက ​မနေ့က ​ပြုလုပ်တဲ့ ​သတင်းစာ ​ရှင်းလင်းပွဲမှာ ​ပြောသွားခဲ့ပါတယ်။

“ဒီကနေ့ ​ကျွန်တော်တို့ ​ကုမ္ပဏီအနေနဲ့ ​လူမှုရေးဆိုင်ရာ ​တာဝန်ယူဆောင်ရွက်မှု ​အစီရင်ခံစာကို ​ထုတ်ပြန်ရတာဟာ ​ကျွန်တော်တို့ ​စီမံကိန်းကို ​ယုံကြည်မှုရှိလာဖို့နဲ့ ​ကျွန်တော်တို့အနေနဲ့ ​မြန်မာနိုင်ငံအတွင်းမှာ ​လူမှုရေးဆိုင်ရာ ​တာဝန်ယူဆောင်ရွက်မှု ​ဘယ်လောက်ထိ ​လုပ်ခဲ့ပြီးပြီး ​ဆိုတာ ​ထုတ်ပြန်တာပါ။ ​ဒါ့ကြောင့် ​ဒီစီမံကိန်းအပေါ်မှာ ​အမြင်ဆိုးတွေ ​ရှိခဲ့တာကို ​ဒီကနေ့မှာတော့ ​ပြည်သူတွေအနေနဲ့ ​အမှန်ကို ​သိလာမယ်လို့ ​ထင်ပါတယ်။”


အဲဒါ့အပြင် ​မြန်မာနိုင်ငံမှာ ​အလုပ်အကိုင် ​အခွင့်အလမ်းဖွင့်ပေးတဲ့အနေနဲ့ ​မြန်မာလုပ်သားပေါင်း ​၆၀၀၀ ​လောက်ကို ​ACHC ​ရဲ့ ​စီမံကိန်းအတွင်း ​တိုက်ရိုက်အလုပ်အကိုင် ​အခွင့်အလမ်း ​ရရှိစေခဲ့ပြီး ​နောက်ထပ် ​လူဦးရေ ​တစ်သောင်းလောက်ကို ​သွယ်ဝိုက်ပြီး ​အခွင့်အလမ်းတွေ ​ရရှိစေခဲ့တယ်လို့ ​ဆိုထားပါတယ်။

ACHC ​ကုမ္ပဏီက ​သူတို့ရဲ့ ​လူမှုရေးဆောင်ရွက်ချက်ကို ​ထုတ်ပြန်ပြောဆိုနေတာဟာ ​သူတို့အပေါ် ​ပြည်သူတွေ ​ယုံကြည်လာဖို့နဲ့ ​မြစ်ဆုံစီမံကိန်း ​ပြန်လည်လုပ်ကိုင်ဖို့အတွက် ​ဖြစ်နိုင်တယ်လို့ ​သုံးသပ်နေကြတာနဲ့ ​ပတ်သက်ပြီး ​သတင်းစာရှင်းလင်းပွဲကို ​တက်ရောက်ခဲ့တဲ့ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​NLD ​ပါတီက ​ဗဟို ​အလုပ်အမှုဆောင် ​အဖွဲ့ဝင် ​ဦးဟန်သာမြင့်ရဲ့ ​အမြင်ကို ​မေးခဲ့ရာမှာ ​သူက ​ခုလို ​ပြောပါတယ်။ 

“နိုင်ငံရေးသမား ​တစ်ယောက်အနေနဲ့ ​ပြောရရင် ​ဒါ ​အန်ကယ်တို့ ​ထက်ကို ​အဲဒီမှာ ​တကယ် ​တိုက်ရိုက် ​သက်ဆိုင်နေတဲ့ ​ကချင်လူထုက ​ဆုံးဖြတ်ခွင့်ရဖို့ ​အရေးကြီးတယ်လို့ ​ထင်တယ်။”

တရုတ်ကုမ္ပဏီကြီးတွေဟာ ​ဧရာဝတီ ​မြစ်ဆုံ ​စီမံကိန်း ​အကောင်အထည် ​ဖော်တုန်းမှာပဲ ​ပြည်တွင်းက ​သဘာဝပါက်ဝန်းကျင်ဆိုင်ရာ ​ပညာရှင်တွေ၊ ​တက်ကြွလှုပ်ရှားသူတွေနဲ့ ​ပြည်သူအများစုက ​ကန့်ကွက်ခဲ့တာကြောင့် ​သမ္မတဦးသိန်းစိန်က ​သူ့ရဲ့ ​လက်ထက်အတွင်း ​စီမံကိန်းကို ​ရပ်တန့်ထားဖို့ ​ပြောလိုက်ပါတယ်။

ACHC ​ကုမ္ပဏီဟာ ​၂၀၁၀ ​ဇွန်လတုန်းက ​ဖွဲ့စည်းခဲ့တဲ့ ​ကုမ္ပဏီ ​ဖြစ်ပြီး ​တရုတ်ဓါတ်အား ​ရင်းနှီးမြုပ်နှံမှု ​CPI ​ကုမ္ပဏီက ​ရှယ်ယာ ​၈၀ ​ရာခိုင်နှုန်း၊ ​မြန်မာနိုင်ငံသားပိုင် ​အေးရှားဝေါ ​ကုမ္ပဏီက ​၁၅ ​ရာခိုင်နှုန်းနဲ့ ​မြန်မာ့ ​လျှပ်စစ်စွမ်းအား ​ဝန်ကြီးဌာနက ​၅ ​ရာခိုင်နှုန်း ​ပါဝင်ဖွဲ့စည်းထားတဲ့ ​အဖွဲ့ ​ဖြစ်ပါတယ်။

ဧရာဝတီ ​မြစ်ဆုံ ​ရေအားလျှပ်စစ် ​စီမံကိန်းအတွက် ​စုစုပေါင်း ​ရင်းနှီးမြုပ်နှံမှုဟာ ​အမေရိကန် ​ဒေါ်လာ ​၂၅ ​ဘီလီယံရှိပြီး ​မြန်မာနဲ့ ​တရုတ်ကုမ္ပဏီတို့ရဲ့ ​သဘောတူညီချက်အရ ​တည်ဆောက်မှု ​ကာလ ​၁၅ ​နှစ်ရရှိပြီး ​တရုတ်ကုမ္ပဏီတွေက ​အဲဒီစီမံကိန်းမှာ ​နှစ်ပေါင်း ​၅၀ ​လုပ်ကိုင်ခွင့်ရရှိမှာ ​ဖြစ်ခဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားပါတယ်။

No comments: