Saturday, December 28, 2013

တ-စ-ညပါတီ ၂၀၁၅ ရွေးကောက်ပွဲဝင်မည့် မဲဆန္ဒနယ်များ ဇန်န၀ါရီလအပြီး သတ်မှတ်မည်

ဟိန်းကိုစိုး

၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဟု မျှော်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များကို လာမည့် ဇန်န၀ါရီလကုန်တွင် အပြီးသတ်ရွေးချယ်ရန် စီစဉ်ထားသည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းရီက မဇိ္ဈမကို ပြော သည်။

“ပါတီအနေနဲ့ ၂၀၁၀ မှာ ၀င်ပြိုင်တုန်းက အနိုင်ရခဲ့တဲ့ မြို့နယ်တွေအားလုံးကိုတော့ ၀င်ပြိုင်ဖို့အတွက် လက်ရှိမှာ ဆုံးဖြတ်ထားတယ်”ဟု ၎င်းက ဆိုသည်။ တ-စ-ည သည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပါတီတစ်ခုဖြစ်သည်။

အဆိုပါ မဲဆန္ဒနယ်များအပြင် မည်သည့်မြို့နယ်များ ၀င်ရောက်ယှဉ်ပြိုင်မည်ကို ဇန်န၀ါရီ ၁၃ ရက်မှ ၁၇ ရက်ထိ ရန်ကုန်မြို့၊ ရွှေတောင်ကြားလမ်းရှိ ပါတီဗဟိုဌာနချုပ်တွင် စည်းဝေးဆုံးဖြတ်ရန် ဖြစ်သည်။ အ စည်းအဝေးသို့ တိုင်းနှင့် ပြည်နယ်အသီးသီးမှ ပါတီဥက္ကဋ္ဌများ တက်ရောက်ရန် စီစဉ်ထားပြီး အလေးသာ မှုရှိနိုင်မည့် နယ်မြေများကို အဆင့်သတ်မှတ် ဆုံးဖြတ်မည်ဟု ဦးထွန်းရီက ဆိုသည်။

ပါတီအပေါ် သက်ဆိုင်ရာလူထု၏ စိတ်ဝင်စားမှုနှင့် ထောက်ခံမှု၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်နှင့် တိုင်း၊ ပြည်နယ်လွှတ်တော် အားလုံး ယှဉ်ပြိုင်နိုင်မည့် မဲဆန္ဒနယ်များကို ဦးစားပေး အဆင့် သတ်မှတ်ရန် စီစဉ်ထားသည်။

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ငါးဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် အသီးသီးတွင် ၄၇ ဦး ရွေးချယ်ခံရသည်။ ယင်းတို့အနက် ပန်းတနော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဥာဏ်ကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်အဖြစ် တာဝန်ပေးခဲ့သည်။

No comments: