Monday, December 30, 2013

ချင်းပါတီအမည်သစ် အငြင်းပွားမှု ရန်ကုန်တိုင်း ကော်မရှင်ရုံးတွင် မျက်နှာချင်းဆိုင်ဖြေရှင်းရန် စီစဉ်

ရွှေရည်ဝင်းထက်

ချင်းအမျိုးသားပါတီ(CNP)ကို ချင်းအမျိုးသားတိုးတက်ရေးပါတီဟု အမည်ပြောင်းဖွဲ့စည်းရန် စီစဉ်နေခြင်းကို ချင်းတိုးတက်ရေးပါတီ (CPP)က ကန့်ကွက်ခဲ့သဖြင့် ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ရုံး၌ ဇန်န ၀ါရီလဆန်းပိုင်းအတွင်း နှစ်ဖက် မျက်နှာချင်းဆိုင်ဖြေရှင်းကြရန် အကြောင်းကြားထားသည်ဟု ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသောင်းလှိုင်က ဒီဇင်ဘာ၂၆ရက်တွင် မဇိ္ဈမကို ပြောသည်။

“သူတို့ပါတီနှစ်ခုကို ပါတီအမည်ပြောင်း ကန့်ကွက်ထားမှုအတွက် ရွေးကောက်ပွဲကော်မရှင်ကနေ လုပ် ထုံးလုပ်နည်းအတိုင်း ပါတီနှစ်ခုလုံးကို အကြောင်းကြားထားပါတယ်။ အရင်ဆုံးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်ပြီး ကော်မရှင်ကို အကြောင်းပြန်ပါ။ ပြေလည်မှုမရဘူးဆိုမှ ကော်မရှင်ကနေ လုပ်ထုံးလုပ်နည်းအ တိုင်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်မှာပါ”ဟု ၎င်းက ပြောသည်။

နှစ်ဖက်ဆွေးနွေးမှု မပြေလည်ပါမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက် ညှိနှိုင်းဆောင် ရွက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ လာမည့် ရက်သတ္တပတ်အတွင်း ကိုယ်စားလှယ်နှစ်ဦးစီဖြင့် တွေ့ဆုံ ဆွေးနွေးကြရန် တိုင်းကော်မရှင်က အကြောင်းကြားထားသည်ဟု နှစ်ဖက်ပါတီ တာဝန်ရှိသူများက ပြော သည်။

“တစ်ပါတီကို ကိုယ်စားလှယ်နှစ်ယောက်စီပါမယ်။ ကျွန်တော်တို့ဘက်က ကန့်ကွက်တယ်ဆိုတာက ချင်း အမျိုးသားတိုးတက်ရေးပါတီလို့ အမည်ပေးလိုက်တဲ့အတွက် ပြည်သူလူထုကဇဝေဇ၀ါဖြစ်သွားနိုင်တယ်။ တခြားနာမည်ဆိုရင်တော့ ကန့်ကွက်ဖို့မရှိပါဘူး”ဟု CPP ဗဟိုအလုပ်အမှုဆောင် ဦးချန်လျန်းက ပြော သည်။

အဆိုပါနှစ်ပါတီသည် လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်ကတည်းက ပူးပေါင်းရန် စီစဉ်ခဲ့သော်လည်း ပြေလည် မှုမရခဲ့ခြင်း ဖြစ်သည်။ ယင်းကြောင့် CNP က CPP ဘက်မှ ပူးပေါင်းလိုသူအချို့ကို ပူးပေါင်းပါဝင်စေ၍ ချင်းအမျိုးသားတိုးတက်ရေးပါတီဟု ပြင်ဆင်ဖွဲ့စည်းရန် စီစဉ်ခြင်းဖြစ်သည်။

“အခုလက်ရှိအမည်နဲ့ပဲ ညှိနှိုင်းမှာပါ။ တိုင်းဒေသကြီးကော်မရှင်က တွေ့ဖို့ခေါ်ထားပါတယ်”ဟု CNP အတွင်းရေးမှူး ဆလိုင်းငယ်ပီးက ဆိုသည်။ CNP က ယင်းသို့ အမည်ပြောင်းရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ ဒီဇင်ဘာလဆန်းပိုင်းက တင်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါ ချင်းပါတီနှစ်ခုစလုံး သည် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီများဖြစ်ပြီး ချင်းအမျိုးသားပါတီ (CNP)က ကိုးနေရာ အနိုင်ရခဲ့ပြီး ချင်းတိုးတက်ရေးပါတီ (CPP)က ၁၂ နေရာ အနိုင်ရခဲ့ကြသည်။

No comments: