Saturday, December 28, 2013

စွမ်းအင်ဝန်ကြီးဌာန သိမ်းယူထားသည့် ကျောက်ခွက်ရေနံမှော် မြေလျော်ကြေး မူလပိုင်ရှင်များ မကျေနပ်

မောင်သင်တုန်း

စွမ်းအင်ဝန်ကြီးဌာနမှ သိမ်းယူထားသော ပခုက္ကူခရိုင် မြိုင်မြို့နယ် ကျောက်ခွက်ရေနံမှော်ရှိ လယ်ယာ မြေများသည် လက်ရှိအချိန်ထိ ရေနံစိမ်းများ ခပ်ယူနေရဆဲဖြစ်ရာ ၀န်ကြီးဌာနကပေးသော လျော်ကြေး ငွေမှာ နည်းလွန်းသည်ဟုဆိုကာ မြေသိမ်းခံရသည့် လယ်သမားများက မဇ္ဈိမကို ဒီဇင်ဘာ ၂၄ ရက်တွင် ပြောသည်။

အဆိုပါမြေများကို လွန်ခဲ့သည် ၁၉၉၅-၉၆ ခုနှစ်များက သိမ်းယူခဲ့စဉ်တွင် လယ်ယာမြေများကို လျော် ကြေးငွေပေးခဲ့ခြင်းမရှိသည့်အပြင် ကျောက်ခွက်ရေနံမှော်လုပ်ကွက် စွမ်းအင်ဝန်ကြီးဌာန စခန်းအမှတ် (၂)သည်လည်း ရေနံတူးဖော်ရန်နှင့် လုပ်သားများနေထိုင်သော အဆောက်အအုံများ ဆောက်လုပ်နိုင် ရန် ဘိုးဘွားပိုင် လယ်ယာမြေများကို သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု လယ်သမားများက ပြောသည်။

တောင်စုံကျေးရွာအုပ်စုမှ လယ်ခုနစ်ဧက အသိမ်းခံထားရသော လယ်သမား ဦးဇော်မိုးထွန်းက “ရေနံ တွင်းတချို့က ခုချိန်ထိ ခပ်နေရတုန်း၊ တွင်းတော်တော်များများလည်း တွင်းဟောင်းတွေ ဖြစ်နေပါပြီ။ အဲ ဒါကို လယ်တစ်ဧကကို ကျပ် ၁၅ သိန်းပေးမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ မကျေနပ်လို့ လုံးဝမထိုး သေးဘူး”ဟု ပြောသည်။

လက်ရှိတွင် သိမ်းဆည်းလယ်ယာမြေများ၌ ရေနံခပ်ယူနေရသော တွင်းပေါင်း ၁၅ ခုရှိပြီး တချို့သော တွင်းများတွင် ခပ်ယူလာသည့်ကာလကြာလာခဲ့ရာ တွင်းဟောင်းအနေဖြင့်သာ ကျန်ရှိနေသည်ဟု လယ်သမားများက ပြောသည်။

စွမ်းအင်ဝန်ကြီးဌာနမှ ပေးလျော်နေသည့် တစ်ဧက ကျပ် ၁၅ သိန်း ပမာဏမှာ လက်ရှိ လယ်ယာမြေ တန်ဖိုးနှင့် နှိုင်းယှဉ်ပါက ပေါက်ဈေးထက် ကျပ်ငါးသိန်းကျော် နည်းနေသည့်အပြင် ရေနံထွက်ရှိသော လယ်ယာမြေများသည် ရေနံထွက်ရှိမှုနှင့် လုပ်ကိုင်ခွင့်ပေါ်မှုတည်ကာ တန်ဖိုးမြင့်မားလျက်ရှိသည်ဟု လယ်သမားများက ပြောသည်။

“လယ်ယာမြေလျော်ကြေးပဲပေးမယ်၊ တခြား ဘာလျော်ကြေးမှမပေးဘူး ပြောတယ်။ ဒါပေမဲ့ လက်မှတ်သာထိုးခိုင်းတယ်၊ လျော်ကြေးငွေကို ဘယ်နေ့ ဘယ်အချိန် ပေးမယ်ဆိုတာ တိတိကျကျလည်း မပြော ဘူး”ဟု ကျောက်ခွက်ရေနံမှော်ရှိ လယ် ၁၁ ဧက အသိမ်းခံထားရသော လယ်သမား ဦးကျော်မြင့်က ပြောသည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးရုံးတွင် လယ်သမားများဖြင့် သုံးကြိမ်တိတိ ခေါ်ယူ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ဆုံး ဒီဇင်ဘာ ၂၃ ရက်က ထပ်မံခေါ်ယူတွေ့ဆုံခဲ့သည်အထိ တိ ကျသောအဖြေ မပေးနိုင်ကြောင်း လယ်သမားများက ပြောသည်။

ကျောက်ခွက်မှော်တွင် လွန်ခဲ့သော ၁၈ နှစ်က သိမ်းယူခံထားရသော လယ်ယာမြေဧက စုစုပေါင်း ဧက ၁၀၀ ကျော်အထိရှိပြီး ကျောက်ခွက်ရေနံမှော်တွင် လယ်သမား ၂၁ ဦးနှင့် တောင်စုံကျေးရွာဘက်တွင် လယ်သမား ၂၀ ကျော် အသိမ်းယူခံထားရခြင်းဖြစ်သည်။

No comments: