Tuesday, December 31, 2013

ကယားပြည်ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းအပြောင်းအရွေ့ ခန့်ထားရေး ပြည်နယ်အစိုးရ ကိုင်တွယ်ခွင့်ရ

ဆန်းဖြိုးထွန်း

ကယား/ကရင်နီ ပြည်နယ်တွင် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ ပြောင်းအရွှေ့နှင့် ခန့်ထားရေးကို ပြည်နယ် အစိုးရမှ တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိန်ဦးကပြောသည်။

၎င်းက“ကိုယ့်ပြည်နယ်မှာရှိတဲ့ ကျောင်းအခြေအနေနဲ့ ဆရာ၊ဆရာမ လိုအပ်ချက်ကို ပြည်နယ်ကပဲ သေချာသိ နိုင်မှာဆိုတော့ ၀န်ထမ်း အပြောင်းအလဲတွေနဲ့ ရာထူးတိုးဖို့ကို ပြည်နယ်ကပဲ ဆောင်ရွက်ဖို့ ခွင့် ပြုထားတယ်” ဟုပြောသည်။

ယခင်က တနိုင်ငံလုံးရှိ ပညာရေးနှင့် ကျန်းမာရေးအပါအ၀င် အစိုးရ၀န်ထမ်းများပြောင်းရွှေ့ရေးနှင့် ခန့်ထားရေးကို ယခင်စစ်အစိုးရက ကိုင်တွယ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာပြီးသည့်နောက်ပိုင်း ပြည်ထောင်စုအစိုးရက ကိုင်တွယ်ခဲ့သည်။

ယခု၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစပြီး ကယားပြည်နယ်ရှိ ပညာရေးဝန်ထမ်းခန့်အပ်ထားရေးနှင့် ပြောင်းရွှေ့ရေးအပါအ၀င် ကျန်းမာရေးဝန်ထမ်းပြောင်းရွှေ့ရေးနှင့် ရာထူးတိုးမြှင့်ပေးရေးကိစ္စကိုလည်း ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်ရရှိသွားပြီဖြစ်သည်ဟု ကယားပြည်နယ်အစိုးရအဖွဲ့၏ တိုင်းရင်းသားရေးရာဝန်ကြီးလည်းဖြစ်သည့် ဦးစိန်က ပြောသည်။

“ဆရာ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အဆင်ပြေအောင်သူတို့ရဲ့ ခန့်ထားရေးနဲ့ သူတို့ရဲ့ပြောင်းရွှေ့ရေးကိစ္စကို ပြည်နယ်အစိုးရကပဲ ဆောင်ရွက်မှာဖြစ်တဲ့အတွက် အခြေခံပညာကဏ္ဍနဲ့ ကျန်းမာရေး ကဏ္ဍမှာဆရာ၊ဆရာမများ ဖြည့်ဆည်းရေးနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းတွေဟာ များစွာ အဆင်ပြေကောင်းမွန်တော့မယ်” ဟု ၄င်းကပြောသည်။

ယခင်က နေရပ်ရင်းဇာတိတွင် တာဝန်ထမ်းဆောင်ရန်အတွက် အခက်အခဲရှိခဲ့သော်လည်း ယခုတွင်မူ ပြည်နယ်အစိုးရ၏ ဆောင်ရွက်ပေးမှုကြောင့် အဆင်ပြေနေပြီဖြစ်သည်ဟု ဒီးမော့ဆိုမြို့နယ် အ.ထ.က ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ရှားမိုက ပြောသည်။

၎င်းက “ဆရာမတို့ ပညာရေးဝန်ထမ်းတွေအတွက် ကောင်းလာပါတယ်။ ကိုယ်ပြောင်းချင်တဲ့ဒေသကို ပြန်ပြောင်းလို့ရအောင်လည်း လုပ်ပေးတယ်လေ။ ဆရာမဆို ဒီးမော့ဆိုပြန်ပြောင်းတာ အခုရပြီပေါ့။ ခုလည်း (အစိုးရ)ကပြောနေတယ်၊ ကိုယ်ပြောင်းချင်တဲ့ဒေသကိုတင်လို့ရတယ်လို့”
လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် ဒေသခံဘာသာစကားမတတ်ကျွမ်းခြင်း စသည့် အခက်အခဲများကြောင့်  ကယားပြည်နယ် ကျေးလက်ဒေသများရှိ စာသင်ကျောင်းများနှင့် ကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်လိုသူ နည်းပါးနေဆဲဖြစ်ကြောင်း ဒေသခံ ပညာရေးဝန်ထမ်းများကပြောသည်။

ထို့ပြင် ယခင်က ကယားပြည်နယ်အတွင်းရှိ လူငယ်များအနေနှင့် သက်ဆိုင်ရာကျေးရွာများတွင်သာ တာဝန်ထမ်းဆောင်လိုသဖြင့် လျှောက်လွှာတင်သော်လည်း ပြည်ထောင်စုအစိုးရမှ ၀န်ထမ်းများကို တိုက်ရိုက်ခန့်အပ်သည့် အတွက် ဒေသခံများအနေဖြင့် ရွေးချယ်ခံရခြင်းမရှိပဲ အခြားဒေသမှ ဆရာဆရာမများကိုသာ ခန့်အပ်ထားပြီး အမှန်တကယ် တာဝန်ထမ်းဆောင်နိုင်သူ မရှိသလောက်ဖြစ်လာရာမှ ကျေးရွာများတွင် ဆရာ၊ ဆရာမ လိုအပ်ချက် များနေခြင်း ဖြစ်ကြောင်း ကရင်နီပြည် လူငယ်များ သမဂ္ဂမှ ပြောခွင့်ရရှိသူ ခွန်အာသန်းကပြောသည်။

ကယားပြည်နယ်တွင် အခြေခံပညာ ကျောင်းပေါင်း ၄၁၂ ကျောင်းရှိသည့် အနက်ကျောင်းပေါင်း ၁၂၆ ကျောင်းကို ပြန်လည်ပြင်ဆင် ဆောင်ရွက်ပြီးဖြစ်ကာ ကျောင်းဆောင်သစ် ၉၂ ကျောင်းကို ကျပ် သန်းပေါင်း ၅၄၀၀ တင်ပြ တောင်းခံထားပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments: