Tuesday, December 31, 2013

ပုဂ္ဂလိကလုပ်ကိုင်ခွင့် လေဆိပ်အားလုံးကိုမပေးဟု လေကြောင်း/ဦးစီးဆို

သီဟကိုကို

ပြည်တွင်းလေဆိပ် ၃၀ အတွက် လုပ်ငန်း ၁၀ မျိုးအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရာတွင် လေဆိပ် အားလုံးကို လုပ်ကိုင်ခွင့်ပေးမည်မဟုတ်ဘဲ ပြည်တွင်းရှိ လေဆိပ်ခေါ်ယူမည့်တင်ဒါအား လုပ်ငန်းရှင် များဘက်မှတင်ပြမည့် အဆိုပြုလုပ်ငန်း (Registry of Interest (ROI)) အပေါ် အခြေပြု၍ လုပ်ကိုင် ခွင့်ပြုမည့် လေဆိပ်အား ရွေးချယ်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်းက မဇ္ဈိမသို့ ဒီဇင်ဘာ ၃၀ ရက်က ပြောကြားသည်။

ပြည်တွင်းရှိ လေဆိပ် ၃၀ တွင် လေဆိပ်တည်ဆောက်ရေး၊ လေဆိပ်ထိန်းသိမ်းရေးဝန်ဆောင်မှု၊ ၀န်စည်စလယ်ထိန်းသိမ်းရေးဝန်ဆောင်မှု၊ ကားပါကင်၊ လေဆိပ်ဟိုတယ်ဝန်ဆောင်မှု၊ လေကြောင်း ကုန် စည်ပို့ဆောင်ရေးဝန်ဆောင်မှု စသည်တို့အပါအ၀င် လုပ်ငန်း ၁၀ မျိုးအား ပုဂ္ဂလိကသို့လုပ်ကိုင်ခွင့်ပေး ရန် တင်ဒါခေါ်ယူရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာကို မနက်ဖြန် ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ ၃၁ ရက် နောက်ဆုံးထား၍ တင်ပြရမည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။

ဦးဝင်းဆွေထွန်းက “လုပ်ငန်းရှင်တွေကတော့ ရင်းနှီးလုပ်ကိုင်လို့ အကျိုးဖြစ်မယ့် လေဆိပ်လုပ်ငန်းတွေကို တင်ပြလာမှာပဲ။ သူတို့တင်ပြတဲ့အပေါ်မူတည်ပြီး တင်ဒါပေးမယ့်လေဆိပ်ကို ပြန်ရွေးချယ်မယ်။ အခု ထုတ်ပြန်ပေးထားတဲ့ လေဆိပ် ၃၀ လုံးတော့ ပုဂ္ဂလိက တင်ဒါပေးမှာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။

လုပ်ငန်းရှင်များဘက်မှ ဖြည့်စွက်တင်ပြလာမည့် Registry of Interest (ROI) အပေါ်မူတည်၍ လေ ဆိပ်လုပ်ငန်းဆိုင်ရာ ကဏ္ဍအလိုက် စိစစ်ဆုံးဖြတ်သွားမည်ဖြစ်ပြီးနောက်မှ တင်ဒါပေးမည့်လေဆိပ်များ ကို ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကာ လုပ်ငန်းရှင်များမှ တင်ဒါပြိုင်သွားရမည်ဖြစ်သည်။

ဦးဝင်းဆွေထွန်းက “စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေက ROI မှာ ပါတဲ့အချက်တွေကိုဖြည့်ပြီးတင်ရမယ်။ သူတို့တင်ပြရမယ့် အချက်အလက်တွေကိုကြည့်ပြီး ဘယ်လေဆိပ်တွေကို ရင်းနှီးမြှုပ်နှံချင်ကြတယ်။ ဘယ်လေဆိပ်ကို တင်ဒါပေးမယ်။ ဘယ်လို ရင်းနှီးမြှုပ်နှံပေးနိုင်မလဲဆိုတဲ့ အချက်တွေကို ဆုံးဖြတ်သွား မှာ။ ဘယ်လေဆိပ်တွေကို ပေးရင်ကောင်းမလဲဆိုတာ Survey (စစ်တမ်း) ကောက်လိုက်တဲ့ သဘော ပါပဲ” ဟု ရှင်းပြသည်။

လေဆိပ်တစ်ခုလုံးအား ၁၀၀ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံခြင်းအပြင် လုပ်ငန်းကဏ္ဍအလိုက် ရင်းနှီး မြှုပ်နှံခြင်းတို့ကို ပေးသွားမည်ဖြစ်ပြီး ROI ပုံစံဖောင်တွင် လုပ်ငန်းဆိုင်ရာ ကဏ္ဍ ၁၀ ခု ဖော်ပြထားသည်။

ပုဂ္ဂလိကသို့ လေဆိပ်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးမည့် လေဆိပ်များမှာ ပုဂံ၊ ညောင်ဦး၊ ဟဲဟိုး၊ ထားဝယ်၊ ပူတာအို၊ မိုင်းဆတ်၊ ကော့သောင်း၊ မြစ်ကြီးနား၊ ပုသိမ်၊ မြိတ်၊ ဗန်းမော်၊ လားရှိုး၊ ဘုတ်ပြင်း၊ ကလေး၊ မကွေး၊ မော်လမြိုင်၊ ခန်္တီး၊ ပခုက္ကူ၊ ဘားအံ၊ ဟုမ္မလင်း၊ ကျောက်ထု၊ အနီးစခန်း၊ လွိုင်ကော်၊ အမ်း၊ ကိုကိုး ကျွန်း၊ မုံရွာ၊ စစ်တွေ၊ သံတွဲ၊ တာချီလိတ်၊ ကျိုင်းတုံနှင့် ကျောက်ဖြူတို့ဖြစ်သည်။

No comments: