ကျော်စွာဝင်း
ငါးနှစ်ကျော်အချိန်ယူဖောက်လုပ်ခဲ့ပြီး လွန်ခဲ့သော သုံးရက်က စတင်ပြေးဆွဲနေသည့် ရန်ကုန်(လှိုင်သာယာ) - ဟင်္သာတ ရထားလမ်းကြံ့ခိုင်မှု ရာနှုန်းပြည့်မရှိသေးဟု တာဝန်ယူဖောက်လုပ်ခဲ့သည့် အမည်မဖော်လိုသူ ရန်ကုန်-ပုသိမ် ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်း တာဝန်ရှိသူတစ်ဦးနှင့် ခရီးသွားများက မေ ၂၆ ရက် တွင် မဇ္ဈိမကို ပြောသည်။
“ဒီလမ်းကို လောလောဆယ်ရအောင်တည်ထားတာ။ ဒါပေမဲ့ မိုးတွင်းမှာ ရေအရမ်းများလာရင် သဘာ ၀ဘေးအန္တရာယ်က မမြင်ရဘူးလေ။ အဲ့ဒီအခါကျရင် ဘယ်လိုဖြစ်လာမလဲတော့ မပြောနိုင်သေးပါဘူး” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
အဆိုပါရထားလမ်းသည် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ရန်ကုန် (လှိုင်သာယာ)နှင့် အနောက်ဘက်ခြမ်း ညောင်တုန်း-စက္ကော-ဇလွန်-ဟင်္သာတ စသည့်မြို့များကို ဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်သည်။
ရေနက်ကွင်းများ၊ ငါးကန်များကို သဲ၊ မြေ၊ ထုံးကျောက်တို့ဖြင့် မြေဖို့၍ လမ်း ခင်းထားခြင်းဖြစ်သည်ဟု အဆိုပါတာဝန်ရှိ သူက ပြောသည်။ “ဘေးကနေပြီး မျောတွေရိုက်၊ ကျောက်တွေထည့်တာ ဘောင်အရှည် တွေနဲ့ကာရတဲ့အပိုင်းတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်(လှိုင်သာယာ)ဘူတာမှ ဟင်္သာတ ခရီးစဉ်ကို တစ်ရက်လျှင် တစ်ကြိမ် လွန်းပြန် ပြေးဆွဲနေသည်။
“စတင်ပြေးဆွဲတာမို့လို့ တစ်ခေါက်ပဲ လောလောဆယ်ဆွဲသေးတယ်။ လမ်းပိုင်းတွေလည်းအဆင်ပြေသွား ပြီဆိုရင် ခရီးစဉ် ထပ်တိုးဖို့ရှိပါတယ်” ဟု ဘူတာရုံပိုင်ကြီး ဦးရဲဝင်းအောင်က မဇ္ဈိမကို ပြောသည်။
ခရီးစဉ်တွင် အထက်တန်းတွဲ ၁တွဲ၊ ရိုးရိုးတန်းတွဲ ၃တွဲနှင့် ကုန်တွဲ ၁တွဲတို့ဖြင့်ရန်ကုန် (လှိုင်သာယာ) ဘူတာမှ မွန်းလွဲ နှစ်နာရီတွင် ထွက်ခွာပြီး နောက်တစ်နေ့ နံနက် ၅ နာရီ၌ ဟင်္သာတမြို့မှ ရန်ကုန်သို့ ပြန်လည်ပြေးဆွဲနေသည်။
“မြေကြီးတွေ အသားကျသွားရင်တော့ ကောင်းပါပီ။ လမ်းတစ်လျှောက်လည်း သာယာပါပြီ” ဟုဟင်္သာတ မြို့သို့ ထွက်ခွာမည့် ရထားကိုစီးနင်းလိုက်ပါမည့် ခရီးသည် တစ်ဦးက ပြောသည်။ အသွားအပြန်ခရီး စဉ်တစ်ခုလျှင် ပျမ်းမျှ ခရီးသည် ၁၅၀ ဦးခန့် လိုက်ပါသည်ဟု ရန်ကုန်(လှိုင်သာယာ)ဘူတာရုံပိုင်ကြီးက ဆို သည်။
ရထားလမ်းပိုင်းသည် မိုင် ၉၀ ခန့် ရှည်လျားပြီး ခရီးစဉ် (ရန်ကုန်-ဟင်္သာတ) တစ်ပိုင်းလျှင် ခြောက်နာရီခန့် ကြာမြင့်မည် ဖြစ်သည်။
No comments:
Post a Comment