Saturday, June 28, 2014

အခွန်အကောက်ဥပဒေကို ခေတ်နှင့်လျော်ညီရန် ဘဏ္ဍာနှစ်အလိုက် ပြင်ဆင်ပြဋ္ဌာန်းမည်

သီဟကိုကို

၂၀၁၄ ပြည်ထောင်စုအခွန်အကောက် ဥပဒေကို ခေတ်ကာလနှင့် လျော်ညီသည့် ဘဏ္ဍာနှစ်အလိုက် ပြင်ဆင်ပြဋ္ဌာန်းသွားမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စု အခွန်အကောက်ဥပဒေကို မတ်လ၂၈ ရက်တွင် အတည်ပြု ပြဋ္ဌာန်းထားပြီး ယင်းဥပဒေသည် ၂၀၁၄ -၁၅ ဘဏ္ဍာနှစ်မှစတင် အကျုံးဝင်ခြင်းဖြစ်သည်။

၂၀၁၄ ပြည်ထောင်စုအခွန်ကောက် ဥပဒေကို အများပြည်သူသိရှိနားလည်စေရန် ရှင်းလင်းပွဲများကျင်းပပြီး ဥပဒေပါအတိုင်း တိတိကျကျအကောင်အထည်ဖော်ဆောင် ရွက်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီးဦးဝင်းရှိန်က ပြောကြားထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က “ ၂၀၁၄ ပြည်ထောင်စု အခွန်အကောက်ဥပဒေကို အကောင်အထည်ဖော်ရာမှာ တွေ့ရှိရတဲ့အခက်အခဲတွေကို ဒီဘဏ္ဍာနှစ်ကုန် ၂၀၁၅ ကျရင် ပြည်ထောင်စု အခွန်အကောက်ဥပဒေကို ခေတ်ကာလနဲ့အညီအစားထိုးသင့်၊ ပြင်ဆင်သင့်တာတွေပြင်ပြီး ပြန်လည် ပြဋ္ဌာန်းသွားမယ် ” ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော်က ၀င်ငွေခွန် ဥပဒေပြင်ဆင်သည့်ဥပဒေနှင့် ကုန်သွယ်လုပ်ငန်းခွန်ပြင်ဆင်သည့် ဥပဒေများကို ပြဋ္ဌာန်းခဲ့သည်။ ပြည်ထောင်စုအခွန် အကောက်ဥပဒေတွင် ကုန်သွယ်လုပ်ငန်း ခွန်နောက် ဆက်တွဲဇယားအရ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များ၏ ကုန်စည်ထုတ်လုပ်မှုလုပ်ငန်းများကို ပြည်ပ မှတင်သွင်းလာသည့် ကုန်စည်များနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရန် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကျသင့် မည့် ကုန်စည်များကို နှစ်ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့သည်။

ဝင်ငွေခွန်ဥပဒေတွင် မည်သူမဆို လစာ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ ပစ္စည်း၊ စီးပွားရေးလုပ် ငန်းနှင့် အခြားရလမ်းများမှ ၀င်ငွေများကို သတ်မှတ်ပေးခဲ့သည်။ သက်သာခွင့်များ ခုနှိမ်ပြီး နောက် ကျန်ဝင် ငွေအပေါ်တွင် တစ်ကျပ်မှ သိန်း၂၀အထိကို သုညရာခိုင်နှုန်း၊ သိန်း ၂၀မှ သိန်း ၅၀ အထိကို ၅ ရာခိုင်နှုန်း၊ သိန်း ၅၀မှ သိန်း ၁၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀ မှ သိန်း ၂၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၂၀၀မှ သိန်း ၃၀၀ အထိကို ၂၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀ အထက် ကို၂၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် အခွန်ထမ်းများကို ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးမှ ၀င်ငွေခွန်၊ ကုန်သွယ်ခွန်များ စည်းကြပ်ကောက်ခံလျက်ရှိရာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အခွန် ထမ်းကြီးများဆိုင်ရာ အခွန်ရုံးအသစ်ကိုဖွင့်လှစ်ခဲ့ပြီး အခွန်အများဆုံး ထမ်းဆောင်သည့်လုပ်ငန်းများကို သီးသန့် အခွန်ကောက်ခံသွားမည် ဖြစ်သည်။

လက်ရှိအစိုးရ စတင်တာဝန်ယူသည့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ် ကောက်ခံရရှိမှုမှာ ကျပ် ၁,၅၃၈ ဒသမ ၇၆၆ ဘီလီယံ၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၂,၇၁၀ ဒသမ ၉၀၆ ဘီလီယံ၊ ၂၀၁၃ -၁၄ ဘဏ္ဍာနှစ်တွင်ကျပ် ၃,၅၈၂ ဒသမ ၃၆၀ ဘီလီယံအထိ အခွန်ကောက်ခံရရှိ ခဲ့သည်။

No comments: