ABC
ရခိုင်ပြည်နယ်ရဲ့ နယ်စပ်လုံခြုံရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအကောင်အထည်ဖော်ရေးနဲ့ ဋိပက္ခဖြစ်ပွားမှုတွေနဲ့ပက်သက်ပြီး ပြေငြိမ်းစေဖို့ အတွက် ကုလသမဂ္ဂအပါအဝင်၊ မြန်မာအစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အစိုးရရဲ့ တာဝန်ရှိသူတွေ၊ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရခိုင်ပြည်အနှံ့ကိုယ်စားပြုတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံထားရတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းအပါအဝင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ အခြား အစိုးရဘက်က တာဝန်ရှိသူတွေလည်း ပါဝင်ပါတယ်။
နယ်စပ်လုံခြုံရေးနဲ့ နိုင်ငံသားဥပဒေက အရေးကြီးတဲ့အတွက် အခုလို ဆွေးနွေးတာဖြစ်တယ်လို့ ရခိုင် တိုင်းရင်းသား တိုးတက်ရေးပါတီက ဒေါက်တာ အေးမောင်က အခုလိုပြောပါတယ်။
“လုံခြုံရေးက ကျွန်တော်တို့ ရခိုင်ပြည်နယ်တင် မဟုတ်ဘူးလေ၊ ပြည်ထောင်စု တစ်ခုလုံးလုံခြုံရေးက ကျွန်တော်တို့ဆီက တည်ငြိမ်မှုနဲ့ ခိုးဝင်မှု မရှိရေး။ လေ့ကျင့်ထားတဲ့ အကြမ်းဖက်သမားတွေ မဝင်ရေး၊ နယ်စပ်ပြသနာ ဖန်တီးပြီးမှ ပြည်တွင်းအပြင် ပြည်ပ စစ်ဖြစ်မယ့် အန္တရယ်မျိုးမဖြစ်ဖို့ကို ကျွန်တော်တို့ ဒေသ တည်ငြိမ်အေးချမ်းရေးက အဓိကအရေးကြီးတာပေါ့။ လုံခြုံမှု အရေးကြီးကြောင်း ဆွေးနွေး ကြတယ်။ ဒုတိယအချက်က ၁၉၈၂ နိုင်ငံသား ဥပဒေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်ဆိုတာ အားလုံးသဘောပေါက်တယ်။ အဲဒီလို ဥပဒေ အကောင်အထည်ဖော်တဲ့ အခါမှာသာ ဥပဒေမဲ့ ပြုကျင့်ခဲ့တဲ့ နိုင်ငံဝန်ထမ်းတွေကိုလည်းဘဲ အရေးယူဖို့လိုတယ်။ ဒီဥပဒေအရ ဒီလို တရားမဲ့ ယူခဲ့တဲ့ ပုဂ္ဂိုလ်မျိုးတွေကို ဥပဒေကြောင်းအရ အရေးယူဖို့ လိုတယ်ဆိုတာမျိုး ဆွေးနွေးဖြစ်ပါတယ်။”
ပဋိပက္ခကြောင့် ဖြစ်ပေါ်တဲ့ ဒုက္ခသည်အရေးကိုလည်း ဆွေးနွေးဖြစ်တဲ့အကြောင်း ဒေါက်တာအေးမောင်က ဆက်ပြောပါတယ်။
“ပဋိပက္ခပြေငြိမ်းဖို့အတွက် ရခိုင် အဖွဲ့အစည်းက ခေါင်းဆောင်တွေကို ခေါ်ပြီးမှ အဲဒီမှာ ၆ ချက် သူတို့ ရှင်းပြပါတယ်။ ၁ က လုံခြုံရေး၊ ၂ က Emergency ပေါ့နော် ကာလပေါ့ ဥပမာ ကန့်ဘယ်မှာထားတယ်။ release လုပ်ရတဲ့အဆင့်ပေါ့နော်။ ၃ ကတော့ ဖြင့် ပါမန့်တန်း ရီဆက်တက်မက် လုပ်ရမယ့် ကာလပေါ့။ နောက်တစ်ခုက ၁၉၈၂ နိုင်ငံသား ဥပဒေကို အကောင်အထည် ဖော်တာပေါ့။ နောက်တစ်ခုက လူမှုဘဝ ဘယ်လို မြှင့်တင်အောင်လုပ်မလဲ၊ နောက်ဆုံး တစ်ခုကတော့ဗျာ ဒီ ပဋိပက္ခ တည်ငြိမ်အေးချမ်းပြီးမှ ဒီလူ့အဖွဲ့အစည်း နှစ်ခု သဟဇာတ ဖြစ်အောင်လုပ်မလဲ ဆိုတာမျိုး သူတို့ဆွေးနွေးပါတယ်။”
ဒီကနေ့မှာလည်း နိုင်ငံတကာ သံရုံးကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ အေဂျင်စီတွေနဲ့ ရခိုင် အဖွဲ့အစည်းတွေက ဆက်လက်ဆွေးနွေးကြမယ်လို့လည်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ထားတယ်။
ဗိုလ်ချုပ်မောင်မောင်အုန်းကို စစ်တွေမြို့ခံတွေ ဆန္ဒပြ
နိုင်ငံတော်သမ္မတက ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားဖို့ အဆိုတင်သွင်းထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ဗိုလ်ချုပ်မောင်မောင်အုန်းကို အလိုမရှိကြတဲ့အတွက် ဇွန်လ ၂၅ ရက်နေ့တုန်းက စစ်တွေမြို့မှာ လက်ကမ်းစာစောင်ဝေကြသလို၊ သံပုံးတွေတီးပြီး ဆန္ဒထုတ်ဖော်ထုတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့က အမှတ်(၁)မြို့မရဲစခန်းက ရဲအရာရှိတစ်ဦးကတော့ အဲ့ဒီအချိန်တုန်းက မိုးအရမ်းရွာနေတာကြောင့် သံပုံးတီးပြီး ဆန္ဒပြ/မပြကို မသိလိုက်ဘူးလို့ ပြောပါတယ်။
လက်ကမ်းစာစောင်တွေမှာ လစ်လပ်နေတဲ့ ပြည်နယ်ဝန်ကြီးချုပ်နေရာမှာ ရခိုင်လူမျိုးမဟုတ်တဲ့ သူတစ်ဦးကို ခန့်အပ်နေရာပေးတာဟာ နိုင်ငံတော်ရဲ့ လက်ရှိသွားနေတဲ့ ဒီမိုကရေစီ လမ်းစဉ်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်သလို တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်နဲ့ပါ လွဲချော်နေတာကြောင့် ဆန္ဒဖော်ထုတ်ကြဖို့ ရေးသားထားတာဖြစ်ပါတယ်။
အဲ့ဒီနေ့မှာဘဲ ပြည်နယ်အစိုးရအဖွဲ့ရုံးအ၀င်လမ်းဖြစ်တဲ့ မေယုလမ်း လောကာနန္ဒာခွဆုံမှာ အဆင့်ဆင့် သံဆူးတွေ ကာပြီး ပိတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗိုလ်ချုပ်မောင်မောင်အုန်းကို ပြည်နယ်ဝန်ကြီးချုပ်ရာထူးခန့်အပ်ဖို့ သမ္မတက ပြည်နယ်လွှတ်တော်ကို သ၀ဏ်လွှာပေးပို့ထားတဲ့အတွက် အဲ့ဒီအဆိုကို ကန့်ကွက်လိုတဲ့သူတွေက ဇွန်လ(၂၇)ရက်နေ့ ဒီနေ့ နောက်ဆုံးထားပြီး ကန့်ကွက်လွှာပေးရမှာဖြစ်သလို ကန့်ကွက်တဲ့သူမရှိရင်တော့ ဇွန်လ(၃၀)ရက် နေ့ မှာ အတည်ပြုခန့်အပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မောင်မောင်အုန်းကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ကြားကာလမှာသာ တာဝန်ထမ်းဆောင်ဖို့ရှိပြီး ၂၀၁၅ နောက်ပိုင်းမှာတော့ ရခိုင်တိုင်းရင်းသား တစ်ဦးဦးကသာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့တဲ့အကြောင်း မြစ်မခသတင်းအရ သိရပါတယ်။
No comments:
Post a Comment