Saturday, June 28, 2014

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လပိုင်းအတွင်းစတင်မည်

ကေဇူး

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လပိုင်းအတွင်း စတင်နိုင်တော့မည်ဟု သမ္မတ အကြံပေး ဒေါက်တာကျော်ရင်လှိုင်က ဇွန် ၂၇ရက်တွင် မဇ္ဈိမကိုပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်များ ဆောင်ရွက်နိုင်ရန်အတွက် ဇွန်၂၆၊၂၇ ရက်များတွင် ပြည်ထောင်စု အစိုးရအဖွဲ့ ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ နိုင်ငံတကာ အကူအညီပေးရေး NGO အဖွဲ့အစည်းများနှင့် ရခိုင်လူမှုအခြေပြု အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မဇ္ဈိမ၏ မေးမြန်းမှုကို ထိုသို့ဖြေကြားလိုက်ခြင်းဖြစ်သည်။

“လပိုင်းလောက်အတွင်းမှာ အတော်များများကို စပြီးတော့ အကောင်အထည်ဖော်နိုင်အောင် လုပ်နေပြီ ဒါတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့ ဝန်ကြီးချုပ် အသစ် ခန့်တယ်ဆိုတာ ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပြီးသား” ဟု ဒေါက်တာ ကျော်ရင်လှိုင် မဇ္ဈိမကိုပြောသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားပြည်နယ် နှင့်တိုင်းဒေသကြီးများထက် ဦးစားပေးဆောင်ရွက်ရန် သမ္မတက ညွှန်ကြားထားသည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အသစ်ဖြစ်လာမည့် ဦးမောင်မောင်အုန်းကလည်း ပြောကြားထားသည်။

ရခိုင်တိုင်းရင်းသား အင်အားစုများကမူ အစိုးရ၏ လုပ်ဆောင်မှုများကို စောင့်ကြည့်ရဦးမည်ဟု မဇ္ဈိမကိုပြောသည်။

“ဒီအစီအစဉ်တွေက ၂ဝ၁၂ ခုနှစ်ကတည်းက ချထားတာ အခုမှ တစ်ခေါက်ပြန်ပြီး ပြောတာ Update ပြန်လုပ်တာပေါ့၊ ဗိုလ်ချုပ်မောင်မောင်အုန်းကိစ္စ ရခိုင်တိုင်းရင်းသားတွေက အစိုးရကို မေးခွန်းထုတ်နေချိန်မှာ ဒီအစီအစဉ်တွေကို ချပြတာလား၊ တကယ် စေတနာအမှန်လား ဆိုတာကိုတော့ ဘယ်လောက် အကောင်အထည်ဖော်သလဲ ဆိုတာ စောင့်ကြည့်ရမှာပါ”ဟု ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ကိုခိုင်ကျော်မိုးက ပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂ဝ၁၂ ခုနှစ်က ရေးဆွဲထားသော အစီအစဉ်များအနက် အနည်းငယ်ကို အကောင်အထည်ဖော်ထားနိုင်သေးပြီး လက်ရှိတွင် လုံခြုံရေးနှင့် ဒုက္ခသည်များ နေရာချထားရေးအတွက် အစီအစဉ်သစ်များကို ထပ်မံရေးဆွဲ ထားခြင်းဖြစ်သည် ဟု ဒေါက်တာကျော်ရင်လှိုင်ကပြောသည်။

No comments: