Friday, June 27, 2014

ရှေ့တန်းတွင်ကျဆုံးသည့် တပ်မတော်သားများအတွက် ငွေကျပ်ဆယ်သိန်း ထောက်ပံ့ပေးလျက်ရှိ

မောင်သင်တုန်း

ရှေ့တန်းစစ်ဆင်ရေး တိုက်ပွဲများ၌ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားသည့် တပ်မတော်သားများကို အများဆုံး ငွေကျပ်ဆယ်သိန်း အထိ ထောက်ပံ့ပေးလျက်ရှိသည်ဟု အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဇွန်လ ၂၆ရက်က ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ညွှန့်က ပြောကြားလိုက်သည်။

"တပ်မတော် သက်သာချောင်ချိရေး ရန်ပုံငွေမှ ထောက်ပံ့ပေးတာ အရာရှိဆိုရင် ၁ဝ သိန်းကျပ် ထောက်ပံ့ပေးပြီး အခြားအဆင့်ဆိုရင် ရှစ်သိန်းကျပ် ထောက်ပံ့ပေးပါတယ်။ နိုင်ငံတော်အနေနဲ့ ထောက်ပံ့ပေးတာမပါဘူး” ဟု ဗိုလ်ချုပ်ကျော်ညွှန့်က ပြောသည်။

တပ်မတော် အထွေထွေ သက်သာချောင်ချိရေး ရန်ပုံငွေမှ တိုက်ပွဲတွက် အသက်ပေးခဲ့သော ကျဆုံးသူများကို ၂ဝ၁ဝ ခုနှစ် ဧပြီလမှစပြီး ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလအထိ စုစုပေါင်း ကျပ်သိန်းပေါင်း ၂၃ဝ၂၁ ထောက်ပံ့ပေးခဲ့ပြီးဟု ဆိုသည်။

မသန်စွမ်းဖြစ်သွားသည့် တပ်မတော်သားများအတွက်မူ "မသန်းမစွမ်းဖြစ်သွားသော တပ်မတော်သားများနဲ့ ကျဆုံးသွားသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင်ရှောက်ရေး ဥပဒေအား ၂ဝ၁၂ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၈ ဖြင့် နိုင်ငံတော်သမ္မတမှ လက်မှတ်ထိုး ထုတ်ပြန်ထားပြီးဖြစ်တယ်။ ဥပဒေကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကျော်ညွှန့်က ပြောသည်။

စစ်မှုထမ်းဟောင်းများကို တိုင်းစစ်ဌာနချုပ် နယ်မြေအလိုက် အိမ်ရာများတွင် နေအိမ်များ ချထားပေးပြီး အမှတ် ၁ စစ်မှုထမ်းဟောင်း စံပြကျေးရွာတွင် အိမ်ရာ ၈ဝ၄၈ လုံး ဖော်ထုတ်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း သက်ပြည့်အငြိမ်းစားယူသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်ခွင့် ရရှိသည့် အရာရှိများ၊ စစ်သည်များကို (ထုတ်ပယ်ခံရသူများမပါ) မြေနေရာ ဘုတ်အဖွဲ့ဖြင့်စစ်ဆေးပြီး စစ်မှုထမ်းဟောင်းအိမ်ရာ ၇ဝ၅၂ လုံး နေရာချထားပေးပြီးဖြစ်သည်။

No comments: