Sunday, June 29, 2014

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သစ်သည် တပ်မတော်မှလာခြင်းကို မေ့ထားရန် ဒေါက်တာအေးမောင်ပြော

ကေဇူး

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သမ္မတ၏ လျာထားခြင်း ခံရသော ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်တိုင်းရင်းသား မဟုတ်ခြင်း တပ်မတော်လာသည့် ဝန်ကြီးချုပ်ဖြစ်ခြင်းကို မေ့ထားရန် ရခိုင်အမျိုးသားပါတီမှ ဒု-ခေါင်းဆောင် ဒေါက်တာအေးမောင်က ဇွန် ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော ရခိုင်အမျိုးသားညီလာခံ၏ မူဝါဒများကို ရခိုင်တိုင်းရင်းသားများအား ရှင်းလင်းပွဲတွင် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

“ရခိုင်တိုင်းရင်းသားမဟုတ်တာ တပ်မတော်ကလာတာ ဆိုတဲ့ အယူအဆကို ခေတ္တမေ့ပေးပါ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဘယ်သူနဲ့ မဆို ကျွန်တော်တို့ လက်တွဲဆောင်ရွက်ရပါမယ်"ဟု ဒေါက်တာအေးမောင်က ပြောကြားလိုက်သည်။

ဒေါက်တာအေးမောင်က ရခိုင်အမျိုးသားပါတီအနေဖြင့် ၂ဝ၁ဝခုနှစ် ရွေးကောက်ပွဲ၌် တိုင်းရင်းသားအမတ်များ ရွေးချယ်ရာတွင် ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ အရည်အသွေးကို စိစစ်နိုင်ခြင်းမရှိခြင်း စသော အကြောင်းအများကြောင့် လက်ရှိအမတ်များတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နိုင်မည့်အခြေအနေအားနည်းခြင်းများရှိကြောင်းထိုအခန်းအနားတွင်ပြောကြားသွားခဲ့သည်။

ရခိုင်အမျိုးသားပါတီ ပ-ခေါင်းဆောင်ဖြစ်သူ ဦးအေးသာအောင်က “လတ်တလောလုပ်ရမှာက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့နဲ့ ၂ဝ၁၅ အလွန်မှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ကံကြမ္မာကို ဖန်တီးနိုင်ဖို့ အခွင့်အလမ်းတွေ ဖော်ထုတ်ဖို့လိုပါတယ်”ဟု မဇ္ဈိမကိုပြောသည်။

သံတွဲမြို့နယ် ရခိုင်အမျိုးသားပါတီဝင် တစ်ဦးဖြစ်သူ ဦးမောင်ပုကမူ “ရခိုင်တိုင်းရင်းသားတွေကို ဦးဆောင်ဖို့ ရခိုင်ပဲဖြစ်သင့်တယ်။ ဒါမှ တိုင်းရင်းသားတွေရဲ့ ဆန္ဒကို နားလည်မယ်။ ရခိုင်တွေရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းကျမှ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ လွယ်ကူမယ်”ဟု မဇ္ဈိမကိုပြောသည်။

ရခိုင်အမျိုးသားပါတီသည် နှစ်ပါတီ ပေါင်းစည်းအပြီး မူဝါဒများကို ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများသို့ ရှင်းလင်းဖြင်းဖြစ်သည်။

၂ဝ၁၄ ကြားရွေးကောက်ပွဲ ဝင်ပြိုင်မည့် အခြေအနေနှင့် ၂ဝ၁၅ ရွေကောက်ပွဲ ဝင်ပြိုင်မည့် အမတ်အရေအတွက်ကို တိကျစွာ ထုတ်ပြန်နိုင်ခြင်း မရှိသေးဟုဆိုသည်။

ရခိုင်ဒီမိုကရေစီပါတီနှင့် ရခိုင်အမျိုးသားတိုးတက်ရေး ပါတီနှစ်ခုသည် ၂ဝ၁၄ခုနှစ် ဇန်နဝါရီလ ၁၃ရက်တွင် ရွေးကောက်ပွဲကော်မရှင်က ပူးပေါင်းခွင့်ပြုခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ရက်တွင် ပါတီတစ်ခုတည်းအဖြစ် မှတ်ပုံတင်ခဲ့သည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင် နုတ်ထွက်ပြီးနောက်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသားဖြစ်ရမည် ဟူသည့် အချက်များပါရှိသော ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သေးသည်။

No comments: