Sunday, June 29, 2014

တပ်မတော်သားများ၏ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု အများစုကို ပြစ်ဒဏ်ပေးခြင်းမခံရဟု အမျိုးသမီးအဖွဲ့များပြော

ခင်ငြိမ်းသစ်

၂ဝဝ၈ အခြေခံဥပဒေပါ ပုဒ်မ ၃၁၉ အရ တပ်မတော်သားများအား တရားစီရင်ရာတွင် စစ်ဖက်ဆိုင်ရာတရားရုံးများ၌သာ တရားစီရင်သဖြင့် ပဋိပက္ခများအတွင်း တပ်မတော်သားများ ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ တရားခံများ ပြစ်ဒဏ်စီရင်ခြင်းမခံရကြောင်းကို ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွန်ကြားရေးမှူး နော်စူဆန်နာလှလှစိုးက ပြောကြားခဲ့သည်။

နော်စူဆန်နာလှလှစိုးက “ကျွန်မတို့ လက်တွေ့ဖြစ်နေတဲ့ ကိစ္စပါ။ ပြောရရင်တော့ အခြေခံဥပဒေပဲပေါ့၊ အခြေခံ ဥပဒေမှာ စစ်တပ်က အရပ်သားရဲ့ အထက်မှာ ရှိနေတယ်။ ဒီတော့ စစ်တပ်မှာ သူ့ဥပဒေရှိတယ်၊ သူ့ဥပဒေနဲ့သူ ဆောင်ရွက်မယ်၊ ကျွန်မတို့က ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေ အမှုကို လိုက်တဲ့အခါမှာ အဲဒီလိုပဲပြောခြင်းခံရတယ်။ စခန်းကိုလည်း တိုင်လို့မရဘူး၊ တရားရုံး ကလည်း လက်ခံဆောင်ရွက်ပေးခြင်းမရှိဘူး။ အဲဒီတော့ စစ်တပ်ကို သွားတဲ့အခါမှာလည်း စစ်တပ်က ကျွန်တော်တို့မှာ ဥပဒေရှိတယ်၊ ကျွန်တော်တို့က ဒီလိုမျိုး ကျူးလွန်လို့ရှိရင် သေဒဏ်တောင် ပေးလို့ရတယ်လို့ပြောပေမယ့် တစ်ခါမှလည်း သေဒဏ်ပေးတာ မကြားဖူးဘူး။ ကျွန်မလိုက်ခဲ့တဲ့ အမှုတွေထဲမှာ တစ်ခုက ရာထူးတောင်တက်သွားသေးတယ်။” ဟု ၎င်း၏ အတွေ့အကြုံကို ပြောကြားခဲ့သည်။

၎င်းကဆက်လက်ပြီး တပ်မတော်သားများသည်လည်း အများပြည်သူများနည်းတူ အရပ်ဘက် တရားစီရင်ရေးအောက်တွင် ရှိရန်လိုပြီး ပွင့်လင်းမြင်သာမှုရှိသည့် တရားစီရင်ရေး ဖြစ်ရန်လည်းလိုအပ်သည်ဟု ပြောသည်။ ထို့အပြင် အခြေခံဥပဒေတွင် ပါဝင်သည့် နောက်ကြောင်းပြန် တရားစွဲဆိုခြင်း မရှိစေရဟူသော အချက်သည် အင်္ဂလန် နိုင်ငံလန်ဒန်မြို့တွင် ကျင်းပသည့် ညီလာခံနှင့် လုံးဝကွဲလွဲနေကြောင်း ဆိုသည်။

ညီလာခံသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေး ဒုတိယဝန်ကြီး တက်ရောက်ခဲ့သော်လည်း အမျိုးသမီးအရေး ဆောင်ရွက်နေသည့် အရပ်ဖက်လူ့အဖွဲ့အစည်းများကို ပဋိပက္ခအတွင်း ကျူးလွန်ခဲ့သည့် လိင်အကြမ်းဖက်မှုများ ရပ်တန့်သွားအောင် မည်ကဲ့သို့ ဆောင်ရွက်မည်ကို ကတိပေးပြောကြားခဲ့ခြင်း မရှိဟုဆိုသည်။

ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှု ရပ်တန့်အောင် ဆောင်ရွက်ရာတွင် တပ်မတော်မှ ပူးပေါင်းပါဝင်ရန် လိုအပ်ပြီး ထိုသို့ ပူးပေါင်းပါဝင်ခြင်း မပြုပါက ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု လျော့နည်းသွားရန် သို့မဟုတ် လုံးဝရပ်တန့်ရန် ပြုလုပ်နိုင်ခြင်း ရှိမည်မဟုတ်ကြောင်းကိုလည်း အမျိုးသမီးအဖွဲ့များက ပြောကြားခဲ့သည်။ ယင်းအပြင် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ခွင့်ပြုပါက တွေ့ချင်ကြောင်းလည်း အမျိုးသမီး အဖွဲ့များက ဆိုသည်။

ပဋိပက္ခအတွင်းလိုင်အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် အင်္ဂလန်နိုင်ငံတွင် ပြုလုပ်ကျင်းပခဲ့သည့် ညီလာခံသို့ တက်ရောက်ခဲ့သည့် အမျိုးသမီးအဖွဲ့များက ဇွန်လ ၂၇ ရက်က မြန်မာဂျယ်နယ်လစ် ကွန်ယက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

No comments: