Sunday, June 29, 2014

သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲဆက်ဖြစ်ပွား အစိုးရ တပ်မတော်ဘက် သေဆုံး မှုများ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP တပ်ရင်း ၆၄၁၊ ၇၆၆ နှင့် အစိုးရ တပ်မတော် ခလရ ၂၄၇ တို့ သျှမ်းပြည် တောင်ပိုင်း ကျေးသီး မြို့နယ် အတွင်း ရင်ဆိုင် တိုက်ပွဲများ ယနေ့ ဆက်ဖြစ်ရာ အစိုးရ တပ်မတော် ဘက် ၈ ဦး သေဆုံး သည်ဟု ဒေသ အတွင်း သတင်း ရပ်ကွက်က ပြောသည်။

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် ဝမ့်ဝပ်အုပ်စု တာ့ဖါဆောင် ရွာ(တံတား - ယမန်နေ့ကဖြစ်ပွါးခဲ့သောတိုက်ပွဲ) တောင်ဘက် တမိုင်ခွဲအကွာ လွယ်ခေါ်ရွာ အနီး၌ ယနေ့(ဂျွန် ၂၇ ရက် ၂၀၁၄) နံနက် ၁၁.၃၀ နာရီ ၁၃.၃၀ နာရီခန့်အထိ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်ဘက် ၈ ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရှိသည်ဟု ကျေးသီးမြို့အခြေစိုက် ခလရ ၁၃၁ တပ်ဆေးမှူး အသိုင်း အဝိုင်းက ပြောသည်။

“ကျနော်တို့က တာ့ဖါဆောင်တံတားစခန်းမှာ စစ်ကူသွားပေးမလို့လေ။ အဲဒီစစ်ကြောင်းက ကျနော်တို့ ဦးတည်သွားနေတဲ့ဘက်ကို လှည့်လာတော့ တိုက်ပွဲဖြစ်သွားတာ။ ကျနော်တို့ဘက်က တယောက်ဒဏ်ရာ ရတယ်။ သူတို့ဘက် လက်နက်ကြီးတွေ ၆၀ မမ၊ အမ်အေ ၇ တွေနဲ့ လျှောက်ထုပြီး တပ်ဆုတ်သွား တယ်။ ရန်ကုန် မန္တလေးဘက် ကျနော်တို့ ထိုးစစ်သွားဆင်နေ တာမဟုတ်ဘူး။ ဒီနေရာတွေက ကျနော်တို့ရဲ့မွေး မြေဘဲဗျာ၊ ကြိုက်တဲ့နေရာလူခွဲ၊ ကြိုက်တဲ့နေရာပြန်စု၊ တိုက်ချင်တဲ့နေရာတိုက်လို့ ရတယ်။ အထက် အမိန့်မရလို့ တွေ့တိုင်းမပစ်ရတာဘဲရှိတယ်။ တွေ့တိုင်းတာ ပစ်မိန့်ရှိရင်တော့လေ။ ” - ဟု ရှေ့တန်း ရောက် အရာရှိငယ်တဦးကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် သဘောတူညီချက်များ မလိုက်နာခြင်း၊ လူအင်အားဖြည့်ခြင်း၊ လက်နက်အင်အားဝယ်ယူစုဆောင်းခြင်း၊ တပ်စခန်းများတိုးချခြင်းများ ပြုလုပ်နေသောကြောင့် ၎င်းတို့ အား တိုက်ခိုက်ရှင်းလင်းရန် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် ရလခ တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်မှ တိုက်ရိုက်ညွှန်ကြားလာသည်ဟု မိုင်းရှူးမြို့ တပ်အရာရှိ အသိုင်းအဝိုင်းကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နေပြည်တော်အစိုးရ တို့သည် ပြည်ထောင်စု အ ဆင့်ငြိမ်းချမ်းရေး လက်မှတ်ထိုးထားကြပြီးဖြစ်သည်။

No comments: