Saturday, June 28, 2014

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအခမ်းအနား ကေအိုင်အို ဌာနချုပ်တွင်လည်း ပြုလုပ်

ဖနိဒါ

ဇွန်လ ၂၇ရက်က ကျရောက်သည့် ၂၇ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ၎င်းတို့၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ဘာသာတရားအရ ဝတ်ပြုဆုတောင်းခြင်း၊ မြို့အတွင်းနှင့် ကျောင်းများတွင် မူးယစ်တိုက်ဖျက်ရေး ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့က ဘုရားအလိုတော်အတိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်သွားရေး၊ ပြည်သူလူထုနဲ့အတူ ပူးပေါင်း တိုက်ဖျက်မယ်။ ၂ဝ၁၄ ခုနှစ်မှာ မူးယစ်ဆေးဝါး အန္တရယ်ကို တိုက်ဖျက်မှု အောင်မြင်တဲ့နှစ်ဖြစ်ပါစေဆိုတဲ့ အချက် သုံးချက်ကို လက်ကိုင်ထားကာ လှုပ်ရှားနေတယ်"ဟု KIO ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီဝင် ဦးဒွဲပီဆာ က ဆိုသည်။

ဦးဒွဲပီဆာက ကေအိုင်အိုအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ကိုင်နေပြီး လက်ရှိအချိန်တွင် ပြည်သူလူထုနှင့် ပူးပေါင်းလုပ်နိုင်၍ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရနိုင်သည်ဟု ဆိုသည်။

“ဘယ်လောက် အောင်မြင်တယ်ဆိုတာ လူထုလက်ခံတဲ့ အပေါ် မူတည်တယ်။ အဆင့်တစ်ဆင့်ထိတော့ အောင်မြင်ပြီလို့ မြင်တယ်။ အောင်မြင်တယ်လို့ ပြောရ မယ်။ ရောင်းတဲ့ လူကလည်း အရင်လို မရှိတော့ဘူး”ဟု ဦးဒွဲပီဆာက မဇ္ဈိမကို ပြောသည်။

ယခင်နှစ်များတွင် KIO က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှုံ့ဖျက်ဆီးခြင်းများ ပြုလုပ်သော်လည်း ယခုနှစ်တွင်မူ ဖျက်ဆီးခြင်း မရှိဟု ဆိုသည်။ အလားတူ ကချင်ပြည်နယ်အတွင်းရှိ မြို့ကြီးများတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်များ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

သို့သော် ရှမ်းပြည်နယ် နမ့်ဖတ်ကာကျေးရွာ ပြည်သူများ လမ်းပေါ်ချီတက်ရန် စီစဉ်ခဲ့သော်လည်း ရဲအာဏာပိုင်များက ခွင့်မပြုခဲ့သဖြင့် မလုပ်ခဲ့ရဟု ဦးဒွဲပီဆာက ပြောသည်။

၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက KIO နှင့် ပြည်သူလူထုမှ ကိုယ်စားလှယ်များ ပူးပေါင်း၍ ကချင်ဒေသအတွင်း မူးယစ်ဆေးဝါး ပညာပေးဟောပြောမှုများ လုပ်ဆောင်ရန် Steering Committee ဖွဲ့စည်းခဲ့ရာ ဧပြီလ တတိယပတ်၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်း တိုက်ဖျက်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် “ ဝ ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကျင်းပခြင်း မရှိသော်လည်း ယခုလဆန်းပိုင်းမှ စတင်၍ ၎င်းတို့ ဒေသအနှံ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး အောင်မြင်မှုများ ရရှိသည်ဟု UWSA၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

No comments: