Saturday, June 28, 2014

၁၉၈၂ နိုင်ငံသားဥပဒေကိုတိကျစွာ အကောင်အထည်ဖော်မည်ဟု ရခိုင်ဝန်ကြီးချုပ်သစ် ဗိုလ်ချုပ်မောင်မောင်အုန်း ကတိပေး

ကေဇူး

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို တာဝန်ထမ်းဆောင်သည့် ကာလအတွင်း တိကျစွာ ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန MPC တွင် ပြုလုပ်သည့် ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲတွင် သတင်းမီဒီယာများကို ပြောကြားလိုက်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့က ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းအစီအစဉ်များကို ရခိုင်အဖွဲ့အစည်းများအား ဇွန် ၂၆ ရက်က ချပြခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် ပတ်သက်၍လည်း ရှင်းလင်းခြင်းများပြုလုပ်ခဲ့သည်။

၈၂ ဥပဒေဖြင့် စိစစ်မှုအခြေအနေ၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ၎င်း၏ ၀န်ကြီးချုပ်သက်တမ်းတွင် အပြီးပြတ် ဆောင်ရွက်နိုင်ခြင်း ရှိမရှိမေးမြန်းရာတွင် “နားလည်မှုတွေ မတူရင်တော့ နည်းနည်းတော့ ကြာမယ်ထင်တယ်”ဟု မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို ရခိုင်တိုင်းရင်းသားမဟုတ်သော တပ်မတော်သားဖြစ်သည့် ဗိုလ်ချုပ်မောင်မောင်အုန်းကို သမ္မတကခန့်အပ်ကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သဖြင့် ရခိုင်တိုင်းရင်းသားအမတ်များကြားတွင် အငြင်းပွားစရာဖြစ်နေချိန်တွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအစီအစဉ်များကို အစိုးရက ချပြလိုက်ခြင်း ဖြစ်သည်။

နိုင်ငံသားစိစစ်ခြင်းကို မြေပုံမြို့ လူဦး ရေ ၃,၀၁၀ ဦးရှိ တောင်ပေါ်ဘင်္ဂါလီဒုက္ခသည် စခန်းတွင် ဇွန်လ ၁၅ ရက်က စတင်သည်။ ယင်းသည် ဘင်္ဂါလီဟု လက်ခံသူများကိုသာ စိစစ်နိုင်ခြင်းဖြစ်သည်။ အစိုးရစာရင်းတွင် ဘင်္ဂါလီ ၁၀ သိန်းကျော်ရှိသော်လည်း ၎င်းတို့အများစုမှာ ဘင်္ဂါလီဟု လက်မခံကြပေ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းကာလကိုမူ သတ်မှတ်နိုင်ခြင်းမရှိသေးဟု ဆွေးနွေးပွဲသို့ တက်ရောက်သူ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။

ယင်းအစီအစဉ်များသည် ၂၀၁၂ ခုနှစ် အတွင်းချမှတ်ခဲ့သော အစီအစဉ်များဖြစ်ပြီး ဗိုလ်ချုပ်မောင်မောင်အုန်း ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် ကာလနီးစပ်လာချိန်တွင် ထပ်မံဆွေးနွေးခဲ့ခြင်းဖြစ်သည်။


ဖွဲ့စည်းပုံဥပဒေ၏ အားနည်းချက်

ဗိုလ်ချုပ်မောင်မောင်အုန်းကို သမ္မတက အဆိုပြုခြင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဖွဲ့စည်းပုံ၏ အားနည်းချက်ကို သမ္မတက အားသာချက်အဖြစ် အသုံးချသွားသည်ဟု ဝေဖန်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အားနည်းချက်တွေ အများကြီးရှိတယ်။ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ကို တင်ပြီးရင် သမ္မတကြီးက အဆိုပြုခွင့်ရှိတယ်။ အဲဒါလေးက ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်ဖြစ်တယ်။ ဒါကို အားသာချက်အဖြစ် သမ္မတက သုံးတာကို အစဉ်အဆက်ဖြစ်သွားမှာ စိုးတယ်။ ကရင်၊ ရခိုင်၊ ကချင်စသဖြင့် ဖြစ်သွားလို့ရှိရင် ဖွဲ့စည်းပုံထဲက တချို့အာဏာသိမ်းတယ်လို့ပြောတာကို ဒါမျိုးဖြစ်သွားမှာကို ကြောက်တယ်”ဟု မဇ္ဈိမ ကိုပြောသည်။

၎င်းအား ရခိုင်ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးရေးကို ဇွန် ၃၀ ရက်တွင် ပြည်နယ်လွှတ်တော်၌ ဆုံးဖြတ်ရန် ရှိသည်။

No comments: